၂. ၄ .၂၀၂၃
Written by Hey Mar

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဥ်များတွင် ဖောင်းကြွနံပါတ်ပြားသစ် လဲလှယ်ရာ၌ ကျန်ရှိယာဥ်များ အမြန်ပြောင်းလဲတပ်ဆင်နိုင်ရန် ပညာပေးကာလအဖြစ် ယခုနှစ် ဧပြီလကို ထပ်မံသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အသစ်လဲလှယ်တပ်ဆင်ပေးသည့် ဖောင်းကြွနံပါတ်ပြားများသည် လုံခြုံရေးစနစ်ကောင်းမွန်ပြီး ယခင်ကမပါရှိသည့် မြို့နယ်သင်္ကေတနံပါတ်များ၊ ယာဉ်အမျိုးအစားများပါ ပါဝင်အောင် ပြောင်းလဲထားခြင်းကြောင့် အလွယ်တကူဖြင့် နံပါတ်အတု ပြောင်းလဲတပ်ဆင်ခြင်းများမှ ကာကွယ်နိုင်မည်ဖြစ် ကြောင်းသိရသည်။

YRTC အများပိုင်ယာဥ်လိုင်းများမှ ယာဥ်များအားလုံး ဖောင်းကြွနံပါတ်ပြားအသစ် တပ်ဆင်ပြီးဖြစ်ကြောင်းနှင့် YBS ယာဥ်လိုင်းများမှ ယာဥ်များတွင် ၈၂ ဒသမ ၆၆ ရာခိုင်နှုန်း ပြောင်းလဲတပ်ဆင်ပြီးဖြစ်ကြောင်း YRTC/ YBS ယာဥ်များ၏ အထွေထွေအတွင်းရေမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

YBS ယာဥ်လိုင်းများအပါအဝင် အဝေးပြေးယာဥ်များ၊ ကုန်တင်ယာဥ်များနှင့် တက္ကစီများအားလုံး၏ ဖောင်းကြွနံပါတ်ပြားတပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဦးလျန်ကျင့်မာန်က”ရာခိုင်နှုန်းအားဖြင့်တော့ အဝေးပြေးယာဥ်တွေက ၅၈ ဒသမ ၈၁ ရာခိုင်နှုန်း၊ ကုန်တင်ယာဥ်တွေက ၆၉ ဒသမ ၄၆ ရာခိုင်နှုန်းနဲ့ တက္ကစီယာဥ်တွေက ၈၆ ဒသမ ၄၃ ခိုင်နှုန်း ပြီးစီးနေပါပြီ။ ဒီလကုန် က.ည.န မှာ နံပါတ်ပြားထုတ်ပြီး အပြီးတပ်ဆင်ပေးဖို့လည်း ဆော်သြနေပါတယ်။ ကျွန်တော်တို့ YBS ယာဥ်လိုင်းတွေအနေနဲ့လည်း သက်တမ်းကုန်ယာဥ်တွေကို သက်တမ်းတိုးပြီး အမြန်တပ်ဆင်လဲလှယ်သွားဖို့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

သတ်မှတ်ကာလအတွင်း လာရောက်လဲလှယ်တပ်ဆင်ခြင်းမရှိသည့် YBS ယာဉ်များကိုလည်း ယာဉ်လိုင်းပြေးဆွဲ ခွင့်ပိတ်သွားမည်ဟု ဦးလျန်ကျင့်မာန်က ဆက်လက်ပြောသည်။

ယခုလိုလုပ်ဆောင်ခြင်းဖြင့် စာရင်းထဲတွင်သာရှိသည့် ယာဉ်များနှင့် မြေပြင်တွင် အမှန်တကယ်ပြေးဆွဲနေသည့် ယာဉ်အရေအတွက်ကို အတိအကျသိရှိကာ စည်းကမ်းတကျရှိဖို့ ရန်အတွက် Telematic system ဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကျန်ရှိယာဥ်များအား ဧပြီလကို ပညာပေးကာလအဖြစ် ထပ်မံသတ်မှတ်ကာ ပညာပေးကာလ ကျော်လွန်ပါက လိုအပ်သည့် စစ်ဆေးအရေးယူမှုများပြုလုပ်သွားမည်ဟု ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

သို့ဖြစ်ပါ၍ ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်တပ်ဆင်ခြင်းများကို ယခု ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကျန်ရှိနေသေးသည့် ယာဥ်များအနေဖြင့်လည်း က.ည.န ရုံးများတွင် အမြန်ထုတ်ယူ ပြောင်းလဲတပ်ဆင်ကြရန် ထပ်မံသတိပေးနှိုးဆော်မှုများ ပြုလုပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News