MT News

Written by Tha Doe

ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ငွေစာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မိသားစုလွှဲပို့ငွေရရှိမှုမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းအရ အမေရိကန် ဒေါ်လာ ၆၁၅၂ ဒသမ ၀၄၄ သန်း ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူများထံမှ မိသားစုလွှဲပို့ငွေ၊ မိခင်နိုင်ငံသို့ ပြန်လွှဲငွေများသည် တိုင်းပြည်ဖွံ့ဖြိုးရေး၊ နိုင်ငံခြားငွေရှာဖွေရေး စသည့်ကဏ္ဍများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် မိသားစုလွှဲပို့ငွေနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း အလုပ်သမားဝန်ကြီးဌာန၌ စက်တင်ဘာ ၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် မတိုင်မီက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်း စည်းကမ်းများနှင့် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်စည်းကမ်းများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်လိုက်နာရမည့်စည်းကမ်းများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ လိုက်နာရမည့် စည်းကမ်းချက်များအရ အေဂျင်စီများအနေဖြင့် မိမိစေလွှတ်သည့် အလုပ်သမားများအား ၎င်းတို့ရရှိသည့် လုပ်အားခများကို မိသားစုများထံသို့ တရားဝင်လွှဲပြောင်းပေးပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရမည်ဟု ပါရှိသဖြင့် အလုပ်သမားများ ရရှိမည့်လစာ၏ ရာခိုင်နှုန်းမည်မျှဆိုသည်ကို သတ်မှတ်၍ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာစာချုပ်တွင်လည်းကောင်း၊ အေဂျင်စီနှင့် အလုပ်သမားအကြားချုပ်ဆိုမည့် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုနိုင်ရေးနှင့် ပြည်ပနိုင်ငံများမှ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်ပေးရမည့် လုပ်ထုံးလုပ်နည်းများ စည်းကမ်းသတ်မှတ်ချက်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင် ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပြီး ပြည်ပငွေလွှဲလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် ကြီးကြပ်ပေးလျက်ရှိကြောင်းနှင့် ပြည်ပမှ ငွေလွှဲသည့် ဝန်ဆောင်မှု ဆောင်ရွက်ခွင့် ရရှိထားသည့် ရွှေဘဏ်၊ ကမ္ဘောဇဘဏ်၊ United Amara ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ လီမီတက်မှ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်က ပြောကြားသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှ ဇူလိုင်လကုန်ထိ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်ပေးပို့သော မိသားစုလွှဲပို့ငွေမှာ အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *