၂၉. ၃. ၂၀၂၃
Written by Pan Ei

အီတလီနိုင်ငံအစိုးရသည် နိုင်ငံ၏ လယ်ယာနှင့် စားနပ်ရိက္ခာ အမွေအနှစ်ကို ကာကွယ်ရန်အတွက် ဓာတ်ခွဲခန်းမှ ထုတ်လုပ်သော အစားအစာများနှင့် တိရစ္ဆာန်အစာများ အသုံးပြုခြင်းအား တားမြစ်သည့် ဥပဒေကြမ်းကို အင်္ဂါနေ့ (မတ်လ ၂၈ရက်) တွင် အတည်ပြုခဲ့ကြောင်း အီတလီနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပါလီမန်က အဆိုပြုချက်ကို အတည်ပြုပါက အီတလီစက်မှုလုပ်ငန်းများသည် ကျောရိုးရှိသတ္တဝါများမှ ရရှိသော ဆဲလ်နှင့် တစ်ရှူးများမှ အစားအစာများနှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်ခွင့်ရှိတော့မည်မဟုတ်ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ စည်းမျဉ်းများကို ဖောက်ဖျက်ပါကလည်း ဒဏ်ငွေ ယူရို ၆ သောင်း (ဒေါ်လာ ၆၅,၀၂၂) အထိ ချမှတ်ခံရနိုင်ပြီး အီတလီဝန်ကြီး Francesco Lollobrigida က “ကျွန်ုပ်တို့ရဲ့အမြင်အရ ဓာတ်ခွဲခန်းထုတ်ကုန်တွေဟာ အရည်အသွေးပိုင်းမှာရော၊ ကျန်းမာရေးနဲ့ ကျွန်ုပ်တို့ရဲ့ ရိုးရာဓလေ့အစဉ်အလာတွေကို ကာကွယ်ပေးနိုင်ဖို့ရော အာမခံချက်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း တစ်ဖက်တွင် အဆိုပါဥပဒေကြမ်းသည် ဥရောပတစ်ဝှမ်းရှိ ဆဲလ်ကိုအခြေခံကာ ထုတ်လုပ်သည့်ထွက်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးသည့် အဖွဲ့အစည်းများနှင့် တိရစ္ဆာန်အခွင့်အရေးအဖွဲ့များကို မကျေမနပ်ဖြစ်စေခဲ့သည်။

“ဒီလိုဥပဒေ အတည်ပြုလိုက်တာက အီတလီမှာ ဒီနယ်ပယ်ရဲ့ စီးပွားရေးအလားအလာတွေကို ပိတ်ပင်လိုက်တာဖြစ်ပြီး သိပ္ပံပညာဆိုင်ရာ တိုးတက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေ လျော့နည်းဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်သွားစေမှာပါ” ဟု Good Food Institute Europe မှ မူဝါဒရေးရာ အကြီးအကဲ Alice Ravenscroft က ပြောကြားခဲ့သည်။

“သက်ရှိတိရိစ္ဆာန်တွေရဲ့ ဆဲလ်တွေကနေ ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းထုတ်အသားတွေဟာ တိရစ္ဆာန်တွေကို အပြင်းအထန် မွေးမြူခြင်းနဲ့ သ-တ်ခြင်းတွေအတွက် အစားထိုးမှုကောင်းတစ်ခုဖြစ်တယ်” ဟု တိရစ္ဆာန်အခွင့်အရေးအဖွဲ့ LAV က ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေကို ချိုးဖောက်သည့် စက်ရုံများသည် ပိတ်သိမ်းခံရမည်ဖြစ်ပြီး ထုတ်လုပ်သူများသည်လည်း ပြည်သူ့ရန်ပုံငွေကို သုံးနှစ်အထိ ရယူပိုင်ခွင့် ဆုံးရှုံးနိုင်ကြောင်း ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *