၂၉. ၃. ၂၀၂၃
Written by Ye Kyaw

ပို့ကုန်အမျိုးအစား ၁၀,၀၀၀ ကျော်ကို အလိုအလျောက်ပို့ကုန်လိုင်စင် ထုတ်ပေးမှုစနစ်ဖြင့် ဧပြီ ၁ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်တွင် ကျင်းပသည့် Tradenet 2.0 စနစ်မှ အလိုအလျောက်ပို့ကုန်လိုင်စင်ထုတ်ပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားမှ သိရသည်။

“အလိုလျောက်စနစ်ဖြင့် လျှောက်ထားရမယ့် ကုန်စည်တွေကိုတော့ သတ်မှတ်ချက်တွေ ကိုက်ညီလို့ရှိရင် စနစ်ကနေပြီး အလိုအလျောက် ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်ကနေစပြီးတော့ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အကောက်ခွန်ဌာနက ပြဋ္ဌာန်းထားသည့် ၂၀၂၂ ခုနှစ် Version တွင် ပို့ကုန်အမျိုးအစားလိုင်းပေါင်း ၁၁,၀၀၀ ကျော်ရှိသည့်အနက် လက်ရှိတွင် ကုန်စည်လိုင်းပေါင်း ၁၀,၀၀၀ ကျော်ကို အလိုအလျောက်လိုင်စင်အဖြစ် ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ ပို့ကုန်ကုန်စည်အမျိုးအစားများအတွက် အလိုအလျောက်ပို့ကုန်လိုင်စင် လျှောက်ထားရာတွင် E-commerce ငွေပေးချေမှုစနစ်တွင် ငွေပေးချေမှုစနစ်အားလုံးဖြင့် အသုံးပြုဆောင်ရွက်နိုင်အောင် စီစဥ်ဆောင်ရွက်ထားကြောင်း သိရသည်။

“ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုအနေနဲ့ လက်ရှိမှာ E-commerce Pay စနစ်တွေကို လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်ငွေပေးချေမှုမဆိုဆောင်ရွက်နိုင်ဖို့အတွက်ကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါကိုလည်း ဒီဧပြီလ ၁ ရက်နေ့မှာ စတင်အသုံးပြုနိုင်ဖိုအတွက် လျာထားဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အလိုလျောက်လိုင်စင်ထုတ်ပေးခြင်းကို စတင်ဆောင်ရွက်သည့်အချိန်တွင် စနစ်က စစ်ဆေးခြင်းဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့လိုသည့် ကုန်စည်အမျိုးအစားများကို မှားယွင်းဖြည့်သွင်းပါက မိမိတာဝန်သာဖြစ်ကြောင်း၊ သုံးလအတွင်း ငါးကြိမ်မှားယွင်းဖြည့်သွင်းမိပါက ၁၀/၂၀၂၀ အမိန့်ကြေညာစာအရ လုပ်ငန်းဆောင်ရွက်ခြင်းကို ခြောက်လ ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်‌ရေးဦးစီးဌာနမှ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်စေရေးကို အထောက်အကူပြုစေရန် ပို့ကုန်/သွင်းကုန်လိုင်စင် ပါမစ်လုပ်ငန်းများ အားလုံးကို အင်တာနက်ရှိသည့် မည်သည့်နေရာမှမဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်မှ စတင်၍ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News