April 28, 2024

Yangon Book Plaza တွင် ပြုလုပ်ခဲ့သော စာအုပ်စျေးရောင်းပွဲတစ်ခုမြင်ကွင်း

◾️ သင်္ကြန်အကြိုကာလ ဧပြီ ၁ ရက်မှ ၃ ရက်အတွင်း Yangon Book Plaza တွင် မူရင်းစျေးအတိုင်း လုံးဝ မရောင်းဘဲ စျေးလျှော့ရောင်းချမည့် စာအုပ်စျေးရောင်းပွဲတော်ပြုလုပ်မည်

၂၉. ၃. ၂၀၂၃
Written by Peya

သင်္ကြန်အကြိုကာလဖြစ်သည့် ဧပြီလ ၁ ရက်မှ ၃ ရက်အထိ ကာလအတွင်း စာပေတိုက် ၃၀ က အနည်းဆုံး ၁၅ ရာခိုင်နှုန်းအထိ စျေးလျှော့ပေးမည်ဖြစ်ပြီး မူရင်းစျေးအတိုင်း လုံးဝမရောင်းသည့် စာအုပ်စျေးရောင်းပွဲတော် ပြုလုပ်မည် ဖြစ်ကြောင်း Yangon Book Plaza တည်ထောင်သူ (ဦး) မြေမှုန်လွင်က MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ စျေးရောင်းပွဲတော်ကို Yangon Book Plaza ၆ နှစ်ပြည့်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး စိတ်ကူးချိုချို စာပေ၊ နှစ်ကာလများ စာပေ၊ ငါတို့စာပေ၊ ယဉ်မျိုး စာပေ စသည်ဖြင့် စာပေတိုက် ၂၄ တိုက်က ၎င်းတို့ စာအုပ်များကို စျေးရောင်းပွဲတော်ကာလအတွင်း ၂၀ ရာခိုင်နှုန်း စျေးလျှော့ပေးမည်ဖြစ်ပြီး ဘဝတက္ကသိုလ် စာပေ၊ ဝိုင်းမော်စာပေ၊ လင်္ကာဒီပစာပေ၊ ဇွန်ပွင့်စာပေ၊ Third Story Project နှင့် ကံကော်ဝတ်ရည်စာပေတို့က ၁၅ ရာခိုင်နှုန်း လျှော့ပေးမည်ဖြစ်ကာ ကျန်စာအုပ်များကို ၁၀ ရာခိုင်နှုန်း စျေးလျှော့ပေးမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ Yangon Book Plaza က တည်ထောင်ကတည်းက စာဖတ်ရှိန်မြှင့်အောင်လို့ တည်ထောင်တာပါ။ တည်ထောင်တဲ့အခါ အားလုံးသိတဲ့အတိုင်း စာပေနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ အများကြီး လုပ်ဖြစ်တယ်။ ဒီဟာလည်း အဲဒီအများကြီးထဲက တစ်ခုပေါ့။ နှစ်စဉ်လုပ်ပါတယ်။ ခြောက်နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ခြောက်နှစ်ပြည့် အခမ်းအနားကို လုပ်တယ်။ နောက်ပြီးတော့ စာဖတ်ပရိတ်သတ်တွေကလည်း နှစ်ပတ်လည်ပွဲကို မျှော်တယ်။ အဲဒီပွဲကျရင် စာအုပ်တိုက်အစုံက စျေးတွေ ချတာပေါ့နော်။ ကျွန်တော်တို့ ခေါင်းစဉ်ကတော့ မူရင်းစျေးနဲ့ လုံးဝမရောင်းတဲ့ ခြောက်နှစ်ပြည့် စာအုပ်ပွဲပေါ့။ ကျွန်တော်တို့ စာအုပ်တွေက စျေးတွေကြီးလာတော့ လျှော့စျေးနဲ့ ဝယ်လို့ ရမယ်။ Book Plaza မှာ ရှိသမျှ စာအုပ်တွေ အကုန်လုံးကို မူရင်းစျေး လုံးဝ မရောင်းဘူး။ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလျှော့ပေးမယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် သင်္ကြန်ပွဲတော် အကြိုအနေဖြင့် စာပေတိုက်များကလည်း စာပေချစ်သူများအတွက် လျှော့စျေးဖြင့် ရောင်းချခြင်းများ ပြုလုပ်ရန်စီစဉ်လာကြကာ ကံ့ကော်ဝတ်ရည် စာပေတိုက်ကလည်း ဧပြီလ ၂ ရက်တွင် မုန်လုံးပွဲတော် ကျင်းပမည်ဖြစ်ကြောင်းနှင့် အဆိုပါနေ့တွင် လာရောက်ဝယ်ယူသူများကို မုန်လုံးရေးပေါ်ကျွေးခြင်း၊ အအေးနှင့် ကော်ဖီတိုက်ခြင်းပြုလုပ်မည့်အပြင် စာအုပ်များကို စျေးလျှော့ရောင်းပေးမည်ဟု ကြေညာထားကာ နန်းဒေဝီစာပေတိုက်ကလည်း သင်္ကြန်အကြိုနှစ်သစ် အထူးဈေးရောင်းပွဲ ပြုလုပ်နေပြီး ဆိုင်တွင် လာဝယ်သူများကို မတ်လ ၂၈ ရက်မှ မတ်လ ၃၁ ရက်အထိ၊ အွန်လိုင်းက ဝယ်သူများကို မတ်လ ၂၄ ရက်မှ ၃၁ ရက်အထိ အဆိုပါ စာပေတိုက်က ထုတ်သော စာအုပ်များကို ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ စျေးလျှော့ရောင်းပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News