March 29, 2024

◾️ချွေးနံ့အနံ့ဆိုး ရှူရှိုက်သူတွေမှာ လူမှုရေးဆိုင်ရာစိုးရိမ်ပူပန်မှု လျော့ကျ

၂၉. ၃. ၂၀၂၃
Written by Pan Ei

ဆွီဒင်နိုင်ငံရဲ့ သုတေသနပညာရှင်တွေက စေတနာ့ ဝန်ထမ်းတွေနဲ့အတူ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုအရ အခြားသူတွေရဲ့ ခန္ဓာကိုယ်အနံ့၊ ချွေးနံ့ကို ရှူရှိက်တာက လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေလျော့ကျဖို့ ကုသရာမှာ အထောက်အကူဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

သုတေသနပညာရှင်တွေဟာ ဒီလေ့လာမှုအတွက် စေတနာ့ဝန်ထမ်းတွေကို ပျော်စရာကောင်းတဲ့ရုပ်ရှင် ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ ရုပ်ရှင်တွေကို ကြည့်ရှုစေခဲ့ကာ ရုပ်ရှင်ကြည့်ရှုရာက ထွက်ရှိလာတဲ့ လက်မောင်းချွေးတွေကို တောင်းယူစုဆောင်းခဲ့ပါတယ်။

ဒီလေ့လာမှုမှာ လူမှုရေးရာစိုးရိမ်ပူပန်မှု ခံစားရတဲ့အမျိုးသမီး ၄၈ ဦးကို စမ်းသပ်ခဲ့တာဖြစ်ပြီး သူတို့ကို အနှုတ်သဘောဆောင်တဲ့ အတွေးတွေထက် လက်ရှိအခြေအနေကိုသာ အာရုံစိုက်စေတဲ့ကုထုံးနဲ့အတူ အချို့ကို သန့်ရှင်းတဲ့လေကို ရှူစေခဲ့ပြီး အချို့ကိုတော့ ခန္ဓာကိုယ် ချွေးအနံ့ဆိုးတွေကို ရှူရှိက်စေခဲ့ပါတယ်။

လေ့လာမှုအရ အနံ့ဆိုးကို ရှူရှိက်ခဲ့တဲ့သူတွေဟာ ကုထုံးမှာ ပိုကောင်းလာတာကိုတွေ့ရှိရပြီး သူတို့ဟာလူမှုရေးဆိုင်ရာစိုးရိမ်ပူပန်မှု ၃၉ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ခဲ့ရပြီး သန့်ရှင်းတဲ့လေကို ရှူရှိက်သူတွေဟာ ပူပန်မှု ၁၇ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ခဲ့ရပါတယ်။

ဆွီဒင်နိုင်ငံရှိ ကာရိုစလင်တက္ကသိုလ်မှ သုတေသီခေါင်းဆောင် အီလီဆာ ဗစ်နာက စမ်းသပ်မှုရလဒ်ကို အနည်းငယ်အံ့ဩသွားခဲ့ရကြောင်း ပြောကြားခဲ့ပြီး ဟာသဇာတ်ကားကို ကြည့်ရှုရာက ထွက်လာတဲ့ ချွေးဖြစ်ဖြစ်၊ ကြောက်ရွံထိတ်လန့်ရာက ထွက်လာတဲ့ ချွေးဖြစ်ဖြစ် အကျိုးသက်ရောက်မှုက အတူတူပဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ယေဘုယျအနေနဲ့ ချွေးထဲမှာ လူသားတွေရဲ့ဓာတုအချက်ပြမှု တစ်စုံတစ်ရာရှိနေနိုင်ပြီး အဲဒါကြောင့် ကုသမှုအပေါ် သက်ရောက်မှု ရှိစေတာပါ။ ဒါကိုလည်း ကျွန်တော်တို့ အတည်ပြုဖို့ လုပ်ဆောင်သွားဦးမှာပါ” လို့ အီလီဆာ ဗစ်နာ က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref; Sky News

Leave a Reply

Your email address will not be published. Required fields are marked *