April 28, 2024

ယခင်နှစ်များက ပြုလုပ်ခဲ့သည့် ပုသိမ် လမ်းလျှောက်သင်္ကြန်မြင်ကွင်း (ဓာတ်ပုံ - ပီယ)

၂၉. ၃. ၂၀၂၃
Written by Peya

ယခုနှစ် ပုသိမ်သင်္ကြန်ကို စည်ကားအောင် လုပ်ဆောင်မည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်လုပ်ရန်အတွက်လည်း စီစဉ်ထားကာ နေရာရွေးချယ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က မဟာသင်္ကြန်အတွက် ကော်မတီများ ဖွဲ့စည်းထားကာ ကော်မတီအလိုက် သင်္ကြန်ကို စည်ကားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဗဟိုမဏ္ဍပ်တစ်ခုနဲ့ ဌာနဆိုင်ရာမဏ္ဍပ် ၇ ခုကိုတော့ အမှတ် ၄ ရပ်ကွက် ပုသိမ်ကမ်းနားလမ်းကနေပြီးတော့ အမှတ် ၆ ရပ်ကွက်အထိ ဆောင်ရွက်သွားမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပုသိမ်မြို့တွင် ၁၅ ရပ်ကွက်ရှိသည့်အနက် မဏ္ဍပ်တည်ဆောက်လိုသော လုပ်ငန်းရှင်များ၊ ပြည်သူများထံက စာရင်းဇယားတောင်းခံထားကာ တာဝန်ရှိသူများက ပေါင်းစပ်ကာ စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီနှစ်မှာ လမ်းလျှောက်သင်္ကြန်ဆောင်ရွက်ဖို့ဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က သယံဇာတဝန်ကြီးက ဥက္ကဋ္ဌအဖြစ်နဲ့ ကော်မတီ ဖွဲ့ထားပါတယ်။ ကျွန်တော်တို့ လမ်းလျှောက်သင်္ကြန်ဆောင်ရွက်မယ့်နေရာကို စည်စည်ကားကားနဲ့ စနစ်တကျဖြစ်အောင် တင့်တယ်အောင် ဆောက်မယ့်နေရာကိုတော့ ရွေးချယ်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဗဟိုမဏ္ဍပ်ကို တည်ဆောက်နေပြီဖြစ်ကာ လမ်းလျှောက်သင်္ကြန်တွင်လည်း လမ်းတလျှောက်၌ စတုဒိသာမဏ္ဍပ်များကို စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“လူတွေအတွက်လည်း စိတ်ထွက်ပေါက်ရတာပေါ့။ ပြီးတော့ သင်္ကြန်ကိုလည်း လုံခြုံရေးရှိအောင်လုပ်ပေးစေချင်ပါတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *