၂၉. ၃. ၂၀၂၃
Translated by Htwe Ko Tun

ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်၏ ဝန်ထမ်းများ၏ အငြိမ်းစားလစာယူရန် အသက်ပြောင်းလဲမှုကို မကျေမနပ်ဖြစ်နေကြသော ပြင်သစ်ပြည်သူတို့၏ ဆန့်ကျင်ဆန္ဒပြပွဲများက မတ်လ ၂၈ ရက်တွင် ဆယ်ရက်မြောက်နေ့အဖြစ် ပြင်သစ်နိုင်ငံတစ်ဝန်း ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

မက်ခရွန်က ဝန်ထမ်းအများစု၏ အငြိမ်းစားလစာယူရန် အသက် ၆၂ နှစ်မှ ၆၄ နှစ်သို့ ပြောင်းလဲရန် အဆိုပြုခဲ့ခြင်းက အတိုက်အခံလွှတ်တော်အမတ်များနှင့် အလုပ်သမားသမဂ္ဂများကို မကျေမနပ်ဖြစ်စေကာ မကြာမီရက်သတ္တပတ်များက နိုင်ငံအနှံ့ ဆန္ဒပြပွဲများဖြစ်ပွားခဲ့မှုကြောင့် အဓိကလုပ်ငန်းကြီးများကိုပါ တုံ့ဆိုင်းရပ်တန့်စေခဲ့သည်။

မတ်လ ၂၈ ရက်က ပြင်သစ်နိုင်ငံတစ်ဝန်းလူစုလူဝေးဆန္ဒပြပွဲ ၂၄၀ ၌ ဆန္ဒပြသူ ၇၄၀,၀၀၀ ခန့်ပါဝင်ခဲ့ကြပြီး မြို့တော် ပါရီတစ်ခုတည်း၌ပင် ဆန္ဒပြအင်အား ၉၃,၀၀၀ ကျော်ပါဝင်ခဲ့ကြကြောင်း ပြင်သစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ပြောကြားချက်များအရ သိရသည်။ သို့သော် နိုင်ငံ၏ အဓိက အလုပ်သမားသမဂ္ဂကြီးတစ်ခုဖြစ်သော General Confederation of Labour (CGT) ကမူ မတ်လ ၂၈ ရက်က ပါရီမြို့၌ဆန္ဒပြအင်အားမှာ အစိုးရပြောကြားချက်များထက် ငါးဆနီးပါးဖြစ်သော ၄၅၀,၀၀၀ ခန့်ထိရှိကြောင်း ခန့်မှန်းခဲ့သည်။ မတ်လ ၇ ရက်ကမူ ပြင်သစ်နိုင်ငံတစ်ဝန်း သမ္မတမက်ခရွန်၏ အဆိုပြုချက်ကို ဆန္ဒပြကြသူဦးရေမှာ ၁ ဒသမ ၃ သန်းနီးပါးရှိကာ စံချိန်တင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ စာရင်းဇယားများက ဆိုသည်။

သမ္မတမက်ခရွန်က ၎င်း၏ အဆိုပြုချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအနေဖြင့် ပြင်သစ်အမျိုးသားလွှတ်တော်၏ ဆန္ဒမဲကိုရှောင်ကွင်း၍ လွှတ်တော်၏ အတည်ပြုပြဌာန်းမှုရရှိအောင် ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ဆန္ဒပြပွဲများက ပို၍ အရှိန်အဟုန်မြင့်လာခဲ့ခြင်းလည်း ဖြစ်သည်။ နိုင်ငံတစ်ဝန်း လေဆိပ်များနှင့် မီးရထားပြေးဆွဲမှုများပါ ရပ်တန့်လျက်ရှိသည်။ မတ်လ ၂၈ ရက် ဆန္ဒပြပွဲများတွင် ပါရီမြို့၌ လုံခြုံရေးအဖွဲ့များက မျက်ရည်ယိုဗုံးများပစ်ကာ လူစုခွဲခဲ့ပြီး ဆန္ဒပြသမားများဘက်ကလည်း မီးရှူးမီးပန်းများဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့သည်။

အလုပ်သမားများသမဂ္ဂများဘက်က ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုများ ပိုမိုများပြားလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ ၎င်းတို့က အစိုးရအား ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့ပြီး အစိုးရဘက်ကလည်း သဘောတူခဲ့သော်လည်း ၎င်းတို့၏ မူဝါဒများကိုပြောင်းလဲရန် တစ်စုံတစ်ရာ ဆွေးနွေးမှုများကို ပြုလုပ်မည်မဟုတ်ဟု ဆိုခဲ့သည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *