၂၉. ၃. ၂၀၂၃
Written By Thandar

၂၀၁၉၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ် သုံးနှစ်စာ အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုလျှောက်ထားသူ အယောက် ၁၈၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ရွှေကြိုတွေရဲ့ ပထမနေ့ ယှဉ်ပြိုင်မှုကို မတ်လ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ရွှေကြိုကို ဒီနေ့ တစ်ရက်ထဲ မနက်ပိုင်းနဲ့ ညနေပိုင်းဆိုပြီးတော့ လူတွေ့စစ်ဆေးရွေးချယ်တာပါ။ ရွှေကြိုလာလျှောက်ကြတဲ့ သူတွေကတော့ ၁၈၀ နီးပါးရှိပါတယ်။ ရွှေကြို ပြိုင်ပွဲဝင်တွေကို ဒုတိယအကြိမ် မတ်လ ၃၁ ရက်နေ့မှာ ရွေးချယ်ခံရသူတွေကို ကြေညာပေးမှာပါ။ နောက်ဆုံးအဆင့်အနေနဲ့ လာမယ့် ဧပြီလ ၂ ရက်နေ့ကတော့ Final ရွေးချယ်မူကို စလုပ်ကြမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။

ပထမအဆင့် ရွှေကြိုလာရောက်လျှောက်ထားသူဦးရေ ၁၈၀ နီးပါးကို ယနေ့ မတ်လ ၂၉ရက် မနက်ပိုင်းနဲ့ ညနေပိုင်း အချိန်နှစ်ချိန်ခွဲပြီး လူရွေးချယ်ပြီး ဒုတိယအဆင့် ရွှေကြိုရွေးချယ်ခံရသူစာရင်းကို မတ်လ ၃၁ ရက်မှာ ကြေညာသွားမယ်လို့ သိရပါတယ်။

အဆိုပါ ရွှေကြိုမောင်မယ်တွေကို ရွှေကြိုမောင်မယ်စိစစ်ရွေးချယ်ရေးအဖွဲ့အနေနဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ မေသဉ္ဇာဦးနဲ့ အကယ်ဒမီ စိုးမြတ်သူဇာတို့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အနုပညာရှင်တွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကိုတော့ လာမယ့် ဧပြီလ တတိယပတ်မှာ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *