၂၉. ၃. ၂၀၂၃
Written by Nyein Kyaw

နိုင်ငံတကာ ပလတ်စတစ်ကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ယနေ့မှစတင်၍ (၃) ရက်တိတိ ကျင်းပလျက်ရှိပြီး အိန္ဒိယကုမ္ပဏီများ အများဆုံးလာရောက်ပြသလျက်ရှိကြောင်း မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါပြပွဲအခမ်းအနားသည် မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံမှ Smart Expos Fairs India Private Ltd. တို့ ပူးပေါင်းကျင်းပသည့် (၆) ကြိမ်မြောက် နိုင်ငံတကာ ပလတ်စတစ်ကုန်စည်ပြပွဲဖြစ်ပြီး ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် မတ်လ ၂၉ ရက်မှ မတ်လ ၃၁ ရက်အထိ (၃) ရက်တိတိ ကျင်းပမည်ဖြစ်သည်။

“ပြခန်းပြထားတဲ့ နိုင်ငံခြားသားတွေထဲမှာတော့ အိန္ဒိယကများတယ်။ အခြား တရုတ်၊ စင်ကာပူ၊ မြန်မာနိုင်ငံနဲ့ ထိုင်ဝမ်စက်ရုံတွေလည်းပါတယ်။ မြန်မာတွေက ပြခန်းပေါင်း ၂၇ ခန်းနဲ့ နိုင်ငံခြားသားတွေကတော့ ၃၈ ခန်းပြသထားပါတယ်” ဟု ပြပွဲဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါပြပွဲတွင် ပလတ်စတစ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ စက်ပစ္စည်းကိရိယာများအပြင်၊ ပုံနှိပ်လုပ်ငန်း၊ ထုပ်ပိုး စက်ရုံများအတွက် လိုအပ်သည့် ပစ္စည်းများအပြင် တန်ဖိုးမြှင့်ထုတ်ကုန်များအတွက် ထုပ်ပိုးမှုဒီဇိုင်းများ၊ အိမ်သုံးပလတ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းများ စသည်တို့ ပြသထားခြင်းဖြစ်သည်။

ယခုကျင်းပလျက်ရှိသည့် (၆) ကြိမ်မြောက် နိုင်ငံတကာပလတ်စတစ်ကုန်စည်ပြပွဲသည် ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်းတွင် ပထမဆုံး ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ပလတ်စတစ်လုပ်ငန်း စတင်လိုသူများနှင့် လုပ်ငန်းချဲ့ထွင်လိုသူများအတွက် နည်းပညာ၊ ကုန်ကြမ်းနှင့် စက်ပစ္စည်းများကို စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *