April 30, 2024

၂၃. ၃. ၂၀၂၃
Written By Thandar

ရုပ်ရှင်လောကသားတွေအတွက် ၁၂ ကြိမ်မြောက် ဆန်၊ ဆီ လှူဒါန်းပေးမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သိရပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထောက်ပံ့လို့ရသလောက် ထောက်ပံ့ပေးတာပါ။ ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်ကတော့ ဆန်၊ ဆီ၊ ငါးသေတ္တာရယ် ပိုက်ဆံတစ်သောင်းစီ ဝေခဲ့တယ်။ ဒီအပတ်ကတော့ ဆန်၊ဆီ၊ ပဲ ကိုပဲ ဝေဖို့စီစဉ်ထားပါတယ်။ ကျွန်တော်တို့ လောကသားတွေ ကိုယ်စားဖို့အဆင်ပြေနေရင် မထုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ညှာတာတဲ့အတွက်အကြိမ်အရေအတွက် များများပေးနိုင်သွားတာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

ဒီလှူဒါန်းမှု အစီအစဉ်အနေနဲ့ လာမယ့် ဧပြီ ၃ ရက် မနက် ၉ နာရီကစပြီး အုပ်ချုပ်/ ဖြန့်ချိ အဖွဲ့။ မွန်းလွဲပိုင်းမှာဗီဒီယို ၊ အဓိကသရုပ်ဆောင်နဲ့ ဒါရိုက်တာ အဖွဲ့။ ဧပြီ ၄ ရက် မနက် ၉နာရီမှာ ဇာတ်ညွှန်းနဲ့ တည်းဖြတ် အဖွဲ့။ မွန်းလွဲပိုင်းမှာ ပြဇာတ်နောက်ခံတေးဂီတနဲ့ ထုတ်လုပ်သူအဖွဲ့။ ဧပြီ ၅ ရက် မနက်၉ နာရီမှာ စက်မှု (၇၀၀၁ – ၇၄၇၇) အလွှာနဲ့ မွန်းလွဲပိုင်းမှာ စက်မှု (၇၄၇၈ – ၇၉၅၄) အဖွဲ့။ ဧပြီ ၆ ရက်မှာ ဇာတ်ပို့/ဇာတ်ရံ (၄၀၀၁ – ၄၅၀၀) အဖွဲ့နဲ့ မွန်းလွဲပိုင်းမှာ ဇာတ်ပို့/ဇာတ်ရံ (၄၅၀၁ – ၄၉၉၉)အဖွဲ့ တို့ကို ဆန် ၊ ဆီ ၊ ပဲတို့ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။

“လက်ရှိခေတ်ကာလအရ ကိုယ့်လောကသားတွေ အလုပ်အကိုင်မရှိလို့ ဆိုက်ကားနင်းသူတွေ နင်း၊ ဈေးရောင်းတဲ့သူတွေ ရောင်းနဲ့ဆိုတော့လေ အခုလှူဒါန်းတာက တစ်ဖက်တစ်လမ်းက အထောက်အကူရအောင်လို့ လှူဒါန်းဖြစ်တာပါ။ အခုနောက်ပိုင်း ၃လ တစ်ကြိမ်လောက် ဝေဖြစ်တယ်။ နောက်လည်း ထပ်မံဝေနိုင်အောင် ကြိုးစားနေပါတယ်။ ပြည်ပ အလှူရှင်တွေကိုလည်း ပါဝင်လှူဒါန်းဖို့လည်း ဖိတ်ခေါ်ထားတယ်”လို့ ဦးအေးကြူလေးက ဆိုပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင် ဦးရေ ၃၀၀၀ ကျော် ရှိပေမယ့်လည်း လာရောက် ထုတ်‌ယူသူ လူဦးရေ ၁၅၀၀ ကျော်သာ ရှိတယ်လို့ ဆိုပါတယ်။ အစည်းအရုံးအနေနဲ့ ကိုဗစ်ကာလမတိုင်ခင်ကတည်းက သင်္ကြန်ကာလနဲ့ သီတင်းကျွတ်ကာလတို့မှာ နှစ်စဉ် ရုပ်ရှင်လောကသား အားလုံးကို ဆန်နဲ့ စားနပ်ရိက္ခာတချို့ လှူဒါန်းမှုတွေ လုပ်ဆောင်ပေးခဲ့တာလည်း ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News