April 30, 2024

MT News

Written by Min Mahar

မတ်လ ၂၂ ရက် မနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၏ ရာအိမ်မှူးနှစ်ဦး လက်ဖက် ရည်ထိုင်သောက်နေစဉ် သေနတ်သမားသုံးဦးက ပစ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊အမရဌာနီအရှေ့ရပ်ကွက်၊ ၇ လမ်းနှင့် ၈ လမ်းကြား၊ လမ်း ၈၀ ပေါ်ရှိ Mage ကဖေးဆိုင်၌ အသက် ၆၇ နှစ်အရွယ်ခန့်ရှိသော အကွက် (၁၉ /က) ရာအိမ်မှူးနှင့် အသက် ၆၂ နှစ်အရွယ် အကွက် (၁၉/ခ)ရာအိမ်မှူးတို့သည် လက်ဖက်ရည်ထိုင်သောက်နေစဉ်အတွင်း လမ်း ၈၀ အတိုင်း တောင်ဘက်မှမြောက်ဘက်သို့ မောင်းနှင်လာသည့် အမည်မသိလူငယ် ၃ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အဆိုပါ ရာအိမ်မှူး ၂ ဦးအားသေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

MT News သတင်းဌာနအနေဖြင့် အခင်းဖြစ်ပွားရာလက်ဖက်ရည်ဆိုင်အနီးတွင် စုံစမ်းမေးမြန်ခဲ့ရာ ” လက်ဖက်ရည်ဆိုင်ကို အဲဒီရာအိမ်မှူးနှစ်ယောက်ရောက်လာတာ မကြာသေးခင် လူငယ် ၃ ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီးတော့ နောက်ကနေလိုက်လာတဲ့ ၂ ယောက်က သေနတ်ကိုယ်စီပါလာပြီး ဝင်ပစ်သွားတာ။ ပြီးတော့ ဆိုင်ကယ်နောက်ပေါ် ပြေးတက်သွားကြတယ်။ တစ်ယောက်က ခေါင်းကိုထိတယ်ကြားပြီး နောက်တစ်ယောက်က ဗိုက်ကိုထိသွားတယ်ပြောကြတယ်။ တပ်နဲ့ရဲတွေရောက်လာပြီးမကြာဘူး ဆေးရုံကြီးကိုပို့လိုက်ပြီး ဆေးရုံကြီးမှာ နှစ်ယောက်စလုံးကွယ်လွန်သွားတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုမှုကြောင့် အသက် ၆၂ နှစ်အရွယ် ရာအိမ်မှူးသည် နားထင်ကိုဖောက်ဝင်သွားသည့် ဒဏ်ရာတစ်ချက် (စိုးရိမ်ရ)နှင့် အသက် ၆၇ နှစ်အရွယ် ရာအိမ်မှူးသည်လည်း ညာဝမ်းဗိုက်ကို ဖောက်ဝင်သွားသောဒဏ်ရာ တစ်ချက် (စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးကုသမှုခံယူသော်လည်း ကုသမှုခံယူစဥ် နှစ်ဦးစလုံးကွယ်လွန်သွားကြောင်းလည်း ကြားသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News