April 30, 2024

တက္ကစီငှားစီးသူလူငါးဦးက ထိုးကြိတ်ရိုက်နှက်ကာ ယာဥ်ယူဆောင်သွားပြီး ဒဏ်ရာများဖြင့် လမ်းပေါ်ကျန်ခဲ့သည့်ယာဥ်မောင်းကို တွေ့ရစဥ် (ဓာတ်ပုံ - ပုလဲအရန်မီးသတ်တပ်ဖွဲ့)

◾ပုလဲမြို့သစ်တွင် အုပ်စုဖွဲ့၍ တက္ကစီယာဥ်များ လုယက်မှု ၁၀ ရက်အတွင်း နှစ်ကြိမ်ဖြစ်ပွား

၂၂. ၃. ၂၀၂၃

Written by Hey Mar

မတ်လ ၂၂ ရက် ည ၇ နာရီ ၃၀ အချိန်ခန့်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် (၁) မြတ်လေးလမ်းတွင် Probox ယာဥ်တစ်စီးကို ငှားရမ်းလာသူ လူ ၅ ဦးမှ လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဖြစ်စဥ်မှာ အင်းစိန် City Mart ရှေ့မှ ပုလဲအိမ်ရာသို့ လူ ၅ ဦးမှ ငှားစီးသဖြင့် ငွေကျပ် ၁၅၀၀၀ ဖြင့် လိုက်လံပို့ဆောင်ရာမှ ပုလဲမြို့သစ် မြတ်လေးလမ်းအရောက်တွင် ကားနောက်ခန်းထိုင်သူ ၄ ဦးမှ လည်ပင်းကို ကြိုးဖြင့် သိုင်းပြီး ဝိုင်းဝန်း ထိုးကြိတ်ကြသည်ဟု သိရသည်။ ထို့ကြောင့် ယာဥ်မောင်းဖြစ်သူမှ အသက်အန္တရာယ်မပေးဖို့တောင်းပန်ကာ ကားပေါ်မှ ဆင်းပြေးခဲ့ရသည်ဟု ပုလဲအရန်မီးသတ် တာဝန်ရှိသူမှ သူကြားသိရသည်ကို ပြန်လည်ပြောပြသည်။

အဆိုပါ တာဝန်ရှိသူမှ ” ယာဥ်မောင်းက တောင်းပန်တော့ ထိုးကြိတ်ရင်းကားပေါ်ကနေဆွဲချတယ်ပေါ့။ သူပြန်ပြောပြတာတော့ တက္ကစီယာဥ်မောင်းက ရွှေပေါက်ကံ ၁၁ ရပ်ကွက်မှာနေတာ။ အပြန်ကားအသိမ်းပဲဆိုပြီး သူကလည်း လိုက်ပို့တာမှာ ဖြစ်တာ။ ဓားနဲ့ထိုးတာတွေ ဘာတွေတော့မရှိဘူး။ မျက်နှာ ဖူးယောင်ပေါက်ပြဲ သွေးထွက် ဝမ်းဗိုက်နဲ့ နံတွေ ခါးတွေ အောင့်နာတာ။ အသက်ရှုခက်တာမျိုး စတဲ့ဒဏ်ရာတွေ ရသွားတယ်။ ကျွန်တော်တို့အဖွဲ့ကို အနီးအနားရပ်ကွက်က လူတွေ ဆက်သွယ်ပေးလို့ သွားရောက်ကူညီပေးတာပါ”ဟု ပြောသည်။

လုယက်ခံရသူ တက္ကစီယာဥ်မောင်းမှာ ယခုအခါ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကုသမှုခံယူနေပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

ယခုလအတွင်းမှာပင် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ပုလဲမြို့သစ်၌ပင် YHN 1H/1922 Probox တက္ကစီတစ်စီး လုယက်ခံရသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သေးသည်။ တက္ကစီအငှားယာဥ်မောင်းအား ကားငှားစီးသူလူလေးဦးက ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းမှာ အသက်အန္တရာယ် ထိခိုက်သည်အထိ မဖြစ်ခဲ့ကြောင်းသိရပြီး ထို Probox ယာဥ်မှာလည်း လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိမှုမရှိသေး​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News