April 30, 2024

ယနေ့နံနက်က အမြန်လမ်းတွင်ဖြစ်ပွားသည့် ယာဥ်တိုက်မှုမြင်ကွင်း(ဓာတ်ပုံ- ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း)

◾မာရှယ်လောကြောင့် ယာဥ်ရပ်နားကြပြီး ယာဥ်များထွက်ချိန် အိပ်ပျော်နေသဖြင့် မထွက်မိသည့် ၁၂ ဘီးကားအား လိုက်ထရပ်က နောက်မှဝင်တိုက်မိဟု ဆို

MT News

၂၃. ၃. ၂၀၂၃

မာရှယ်လောကြောင့် ယာဥ်ရပ်နားကြပြီး ယာဥ်များထွက်ချိန် အိပ်ပျော်နေသဖြင့် မထွက်မိသည့် ၁၂ ဘီးကားအား လိုက်ထရပ်က နောက်မှဝင်တိုက်၍ အမျိုးသားနှစ်ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရမှု အမြန်လမ်းတွင် ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၆ နာရီအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၄/၁) နှင့် (၂၈၄/၂) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ဖြင့် ကယ်ဆယ်ရေးလုပ်ငန်များဆောင်ရွက်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“၁၂ ဘီးကားက ရပ်ထားတာကို လိုက်ထရပ်ယာဥ်က ဝင်တိုက်မိတာပါ။ ဖြစ်စဥ်က မနက် ၆ နာရီလောက်ပေါ့။ ကျွန်တော်တို့ မိတ္ထီလာက မာရှယ်လောကြောင့် ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ကားတွေရပ်နားရတော့ ကားတွေက လမ်းအပြည့်အဆင်ပြေသလိုရပ်ကြတာ။ အဲဒီမှာ ၁၂ ဘီးကားက အိပ်ပျော်နေပြီး မထွက်မိတာကို လိုက်ထရပ်က နောက်ကဝင်တိုက်မိတာပေါ့။ ဖြစ်စဥ်ကြောင့် အမျိုးသားနှစ်ယောက်သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသွားတာကို ကူညီပေးခဲ့ပါတယ် ခင်ဗျ” ဟု ကူညီကယ်ဆယ်ပေးခဲ့သည့် ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဥ်မောင်းအား အပြင်ရောက်ရန် ခက်ခဲစွာထုတ်ယူခဲ့ရသည်။ ထို့ပြင် ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် လိုက်ထရပ် ယာဉ်ပေါ်ပါ ကျား(၆)ဦး၊ မ(၁၂)ဦးအနက် ကျား(၂)ဦး (သေဆုံး)ကာ၊ ကျား(၃)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိ၊ မ(၁၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိ တို့အား 192 သူနာတင်ယာဉ်နှင့် ပြည်သာယာလူငယ်ပရိဟတအသင်းသူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News