၂၂. ၃. ၂၀၂၃
Written by Ye Kyaw
တရုတ်နိုင်ငံ (ချုံချင့်ပိရှန်း)ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်သုံး လုပ်ငန်းသုံးယာဥ် ထုတ်လုပ်ခြင်း၊ ခရီးသွားကဏ္ဍ၊ စက်မှုလယ်ယာကဏ္ဍနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း မတ်လ ၂၂ ရက်တွင် ပြုလုပ်သည့် တရုတ်(ချုံချင့်ပိရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဆက်ပွဲမှ သိရသည်။
“မနေ့ကဆွေးနွေးပွဲမှာ ဆွေးနွေးချက်တွေအရ အထူးသဖြင့်တော့ New Energy Radical နဲ့ ပတ်သက်ပြီးတော့ လာရောက်ရင်းနှီးမြှုပ်နှံလိုတယ်ဆိုတာရယ်။ မြန်မာနဲ့ ချုံချင့်တို့ကြားမှာ တိုက်ရိုက်လေကြောင်းပြေးဆွဲခြင်းနဲ့ ခရီးသွားကဏ္ဍမှာ ပူးပေါင်းလိုတာရယ်။ လျှပ်စစ်သုံး လုပ်ငန်းယာဥ်တွေ ထုတ်လုပ်ခြင်းတင်ပို့ခြင်းကဏ္ဍ၊ စက်မှုလယ်ယာပစ္စည်းတွေကို ထုတ်လုပ်တင်ပို့မယ့် အပိုင်းတွေ။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ စတဲ့ကဏ္ဍ လေးရပ်မှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း သိရှိရပါတယ်” ဟု မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်မျာအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။
အဆိုပါစီးပွားရေးကဏ္ဍ လေးခုလုံးသည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှ စိတ်ဝင်စားသော စီးပွားလုပ်ငန်းကဏ္ဍများဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ (ချုံချင့်ပိရှန်း)ဒေသအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
“ဒီကဏ္ဍလေးရပ်လုံးက ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော်တိုရဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍဘက်နေပြီးတော့ စိတ်ဝင်စားတဲ့ကဏ္ဍတွေဖြစ်နေတဲ့အတွက် ဒီလိုမျိုးလာရောက်တွေ့ဆုံဆွေးနွေးပွဲကနေပြီးတော့ နှစ်ဦးနှစ်ဖက်အတွက် အကျိုးကျေးဇူးတွေရရှိမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးအေးဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာပေါကြွယ်ဝပြီး လုပ်သားအင်အားများစွာရှိသည့်အတွက် တရုတ်နိုင်ငံ (ချုံချင့်ပိရှန်း)ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုသည့် နှစ်ဦးနှစ်ဖက်များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင်လည်း အဆိုပါစီးပွားရေးကဏ္ဍတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံလိုသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေး လုပ်ငန်းရှင်များစွာလည်း ရှိကြောင်း ဆွေးနွေးခဲ့သည်။
“သဘာဝသယံဇာတပေါကြွယ်ဝပြီး လုပ်သားအင်အား များစွာရှိတဲ့အပြင် လုပ်ငန်းလုပ်ကိုင်မှုအတွက်ကို စိတ်ဝင်စား တက်ကြွတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များစွာလည်း ရှိပါတယ်” ဟု ဦးအေးဝင်းက ပြောကြားသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်တွင် တရုတ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၅၈၀ ကျော်လာရောက် ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ရှိကာ စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


