၂၂. ၃. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်သော ကမ္ဘာတဝှမ်းရှိ နိုင်ငံများထဲ စီးပွားရေးလွတ်လပ်ခွင့် Economic Freedom အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၆၂ နေရာ၌ရှိနေပြီး အာဆီယံဒေသတွင်းနိုင်ငံများထဲတွင်လည်း အောက်ဆုံးအဆင့်တွင် ရပ်တည်နေကြောင်း သိရသည်။
အမေရိကန်အခြေစိုက် The Heritage Foundation နှင့် The Wall Street Journal တို့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၈၄ နိုင်ငံကို လေ့လာစောင့်ကြည့်ကာ အမှတ်ပေးပြီး အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် စီးပွားရေးလွတ်လပ်ခွင့် ကမ္ဘာ့အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် စုစုပေါင်း ရမှတ်ပေါင်း ၄၆ ဒသမ ၅မှတ်ရရှိခဲ့ပြီး အဆင့် ၁၆၂ နေရာရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ်ထက် နှိုင်းယှဉ်လျှင် ရမှတ် ၃ ဒသမ ၁ မှတ် လျော့နည်းခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးလွတ်လပ်ခွင့်အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံ၏ အဆင့်သည် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံပေါင်း ၃၉ နိုင်ငံထဲတွင် အဆင့် ၃၈ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။ စီးပွားရေးလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏စုစုပေါင်းရမှတ်သည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင်လည်း အနည်းဆုံးဖြစ်နေခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိဈေးကွက်လွတ်လပ်ခွင့်နှင့် စီးပွားရေးလုပ်ပိုင်ခွင့် လွတ်လပ်ခြင်း၊ စီးပွားရေးတိုးတက်မှု၊ ကုန်သယ်ရေးလွတ်လပ်ခွင့်၊ ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်မှုအခွင့်အရေး စသောအချက်များကိုအခြေခံပြီး အမှတ်ပေးကာ အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် သက်ရောက်မှုများတွေ့ကြုံခဲ့ရပြီး နိုင်ငံတကာပိတ်ဆို့မှုများရင်ဆိုင်ခဲ့ရသလို အစားအစာနှင့် လောင်စာဆီလိုအပ်ချက်များ မြင့်တက်ခဲ့ရကြောင်း သိရသည်။ အလုပ်သမားများ၏လုပ်ခလစာသည် အာရှဒေသအတွင်းရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းလျက်ရှိနေသလို နိုင်ငံ့လူဦးရေ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းက ဆင်းရဲမှုဒဏ်ကို တွေ့ကြုံနေရကြောင်းသိရသည်။
စင်ကာပူနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် Economic Freedom အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အဆင့် ၁ နေရာ ရပ်တည်နေပြီး ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ အိုင်ယာလန်၊ နယူးဇီလန်နိုင်ငံတို့က ထိပ်ဆုံးငါးနေရာတွင် ရပ်တည်နေကြောင်းသိရသည်။ အရှေ့တောင်အာရှဒေသများထဲတွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့ကထိပ်ဆုံး ငါးနိုင်ငံထဲတွင် ရပ်တည်နေခဲ့ကြောင်း သိရသည်။
Ref —The Heritage Foundation
