JobNet က ပြုလုပ်သောအလုပ်အကိုင်ပြပွဲသို့ လာရောက်အလုပ်လျှောက်သည့် လူငယ်များကို တွေ့ရစဥ်

၂၀. ၃. ၂၀၂၃
Written by Phyo Wei

အမေရိကန်ဘဏ်တွေ ပြိုလဲလာနေပြီး ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆီကို နောက်တစ်ကြိမ်ထပ်သွားဦးမလား တွေးစရာ ဒီရက်သတ္တပတ်မှာ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုရဲ့ သမ္မတနှစ်ယောက် တွေ့ဆုံဦးမှာလည်းဖြစ်လို့ ဒီဖြစ်စဉ်တွေက မြန်မာနိုင်ငံအပေါ် ဘယ်လောက်အထိ သက်ရောက်လာမလဲ။ ကောင်းကျိုးတွေဖြစ်လာနိုင်မလား။ ဆိုးကျိုးတွေပဲ ထပ်ဆင့်ရိုက်ခတ်ဦးမလားတွေးဆစရာ ဒီရက်သတ္တပတ်မှာ တစ်လကို ဖိနပ်အရံ ၇ သိန်းထုတ်လုပ်နိုင်တဲ့ တရုတ်ဖိနပ်စက်ရုံ မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယားကို ရွှေ့ပြောင်းမဲ့သတင်း၊ အလုပ်လက်မဲ့တွေ မြင့်တက်လာဦးမယ်ဆိုတဲ့ သတင်းနဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ဂျာမနီအခြေစိုက် Statista သုံးသပ်တဲ့သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။

“တိုက်ခိုက်မှုတွေကြောင့် မြန်မာကနေ နိုင်ငံပြောင်းတဲ့ တရုတ်ဖိနပ်စက်ရုံ”

၂၀၂၁ ဖေဖော်ဝါရီဖြစ်စဥ်မှာ NLD ထောက်ခံသူတွေရဲ့ ပစ်မှတ်ထားခံရတဲ့လုပ်ငန်းတွေထဲမှာ တရုတ်စက်ရုံတွေလည်း ပါဝင်တာကြောင့် တရုတ်စက်ရုံတွေ ပျက်စီးထိခိုက်မှု မကြာခဏတွေ့ကြုံနေရသလို လက်ရှိအချိန်အထိလည်း လှိုင်သာယာလိုနေရာမျိုးမှာ တရုတ်စက်ရုံနဲ့မှားပြီး ဖျက်ဆီးခံရမှာစိုးရိမ်တဲ့ မြန်မာလုပ်ငန်းရှင်တွေက တရုတ်စက်ရုံမဟုတ်ပါဆိုတဲ့ ဆိုင်းဘုတ်မျိုး ရေးထားရဆဲပါ။

ပြီးခဲ့တဲ့လပိုင်းကလည်း ပခုက္ကူမှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံ Myanmar Effort က တရုတ်နိုင်ငံသူအထည်ချုပ်ပညာရှင် Ms. Gu Hsen Hsen နဲ့ မန်နေဂျာဦးမျိုးဇင်ဝင်းကို ပခုက္ကူနဲ့ရေစကြိုက PDF နှစ်ဖွဲ့ပူးပေါင်း ဖမ်းဆီးတာကြောင့် စက်ရုံက ကျပ် သိန်း ၂၀၀၀ နဲ့ ပြန်လည်ကယ်ဆယ်ရွေးယူခဲ့ရသလို စက်ရုံကလည်း ရန်ကုန် ရွှေပြည်သာဘက်ကို ရွှေ့လာခဲ့တာကြောင့် ဒေသအတွက် နစ်နာမှုဖြစ်ခဲ့ရပါတယ်။

ဒီလိုပါပဲ NUG ရဲ့ ဖိအားပေးမှုကြောင့် Primark က မြန်မာနိုင်ငံမှာ ဆက်မချုပ်တော့လို့ တရုတ်အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းရသလို အလုပ်သမား ၂၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ အခုလည်း တစ်လကို ဖိနပ်အရံ ၇ သိန်းကို အမေရိကန်နဲ့ ဥရောပကို တင်ပို့နေတဲ့ All Win Shoes တရုတ်ကုမ္ပဏီဟာ နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာနိုင်ငံကို စွန့်ခွာပြီး ကမ္ဘောဒီးယားကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ NUG မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးတိုက်ခိုက်မှုဟာ လက်ရှိအချိန်မှာတော့ ပြည်သူကိုချည်း ထိခိုက်ပျက်စီးနေတာကလည်း စိတ်ပျက်ဖွယ်ရာဖြစ်နေဆဲပါပဲ။

“မြင့်တက်လာဦးမဲ့ အလုပ်လက်မဲ့”

NUG ရဲ့ ဖိအားပေးမှုတွေနဲ့ နိုင်ငံရေးပြဿနာတွေ၊ PDF တွေက လျှပ်စစ်တာဝါတိုင်တွေ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ မဟာဓာတ်အားလိုင်းတွေကို ဖောက်ခွဲဖျက်ဆီးနေတာကြောင့် လျှပ်စစ်မလုံလောက်မှုတွေ၊ တာဝန်သိလုပ်ငန်းစုတွေ ဝင်မလာတဲ့အပြင် ပြန်ထွက်နေတာတွေ၊ နိုင်ငံရေးအကျပ်အတည်းနဲ့ မြေစျေးနှုန်းဂယက်ကြောင့် လုပ်ငန်းသစ်တိုးချဲ့နိုင်မှု ကျဆင်းတာတွေကြောင့် မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက မြင့်တက်နေဦးမယ်လို့ Trading Economics က သုံးသပ်ထားပါတယ်။

လူငယ်တစ်သိန်းလောက်ဟာ PDF အဖြစ် လက်နက်ကိုင်သွားပြီး ကျောင်းဆက်မတက်တော့တဲ့ အတန်းစုံက လူငယ် ၁၀ သိန်းလောက်ဟာ လမ်းဘေးစျေးသည်ဖြစ်လာနေတဲ့ကြားက အလုပ်လက်မဲ့နှုန်းကလည်း မြင့်တက်နေတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းအနိမ့်ဆုံးအချိန်က ၂၀၁၅ ခုနှစ်မှာ ၀ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိခဲ့သလို ၂၀၁၉ ခုနှစ်မှာ အလုပ်လက်မဲ့နှုန်းက ၀ ဒသမ ၇ ရာခိုင်နှုန်းပဲရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာ ၁ ဒသမ ၈၀ နဲ့ လက်ရှိနှစ်ကတော့ ၂ ရာခိုင်နှုန်းအထိ တက်လာမယ်လို့ ဆိုပါတယ်။

ဒီအလုပ်လက်မဲ့နှုန်းဟာ မကြာခင်မှာလည်း ဆက်လက်မြင့်တက်ဦးမှာဖြစ်ပြီး နိုင်ငံရေးပဋိပက္ခကို အသုံးချ ကျောင်းတက်နေတဲ့လူငယ်တွေကို အနာဂတ်ပျောက်အောင် ယုတ်ညံ့သူတွေကြောင့် မြင့်တက်လာနိုင်တာပါ။ အလယ်တန်းတောင်မအောင်၊ ဆယ်တန်းတောင် မဖြေခဲ့ဘဲ အရွယ်ရောက်လာတဲ့ လူငယ်တွေဟာ အလုပ်ကြမ်းသာလုပ်ရဦးတော့မှာဖြစ်သလို ဒီလိုအလုပ်ကြမ်းကလည်း ဒီကာလမှာခဲခက်နေတာမို့လို့ လမ်းဘေးစျေးသည်တွေပဲ များသထက်များလာဦးမဲ့အခြေအနေပါ။

“၁၃ ရာခိုင်နှုန်းကျော်ဖြစ်လာဦးမဲ့ ငွေကြေးဖောင်းပွမှုနှုန်း”

ကုန်စျေးနှုန်းတွေတက်၊ အလုပ်လက်မဲ့တွေမြင့်တက်နေတဲ့ဒီနိုင်ငံမှာ ရေနစ်သူဝါးကူထိုးဖို့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိဖြစ်နေဦးမယ်လို့ ဂျာမနီအခြေစိုက် Statista အဖွဲ့က သုံးသပ်လာပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းဟာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းထက် ၄ ဆကျော် များနေသလို ဘဏ်တိုးနှုန်းတွေထက်လည်း များနေသေးတာပါ။ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လေ ကျပ်ငွေတန်ဖိုးကျဆင်းလေဖြစ်မဲ့အပြင် ဒီလိုဒဏ်တွေကို End User ဖြစ်တဲ့ ပြည်သူတွေကပဲ ရင်စည်းခံနေရဦးမှာပါ။

ဒီလိုမျိုး ဖြစ်ရပ်တွေဟာ နိုင်ငံတကာအကျပ်အတည်းအပြင် လက်ရှိကြုံလာရနိုင်တဲ့ Global Recession ကလည်း ပံ့ပိုးဦးမှာဖြစ်ပြီး နေရာအနှံ့မှာစစ်ဖြစ်နေတဲ့ ဒုက္ခကလည်း ရှိနေသေးတာမို့ မြန်မာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ ဘက်စုံကျပ်တည်းမှုဒဏ် ရင်စည်းခံနိုင်ဖို့သာ ပြင်ထားကြပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *