သက်တံ့
၂၁. ၁၁. ၂၀၂၆
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (International Buddhist Education Centre – IBEC) က ယနေ့ ကြေညာသည်။
၂ဝ၂၆ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် အပြည်ပြည်ဆိုင်တရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် Genocide Convention ကို မြန်မာနိုင်ငံက ချိုးဖောက်ကျူးလွန်သည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၌ အခြေစိုက်သော အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ International Buddhist Education Centre IBEC တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ကြေညာချက်က ဆိုသည်။
IBEC ဆရာတော် (စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်) သည် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉၊၁ဝ၊၁၁) ရက်နေ့ များတွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ ရုံးတော်ကြားနာပွဲသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်နားထောင်၍ “We Stand With Myanmar “အဖြစ် မြန်မာနိုင်ငံတော်ဘက်မှ ခိုင်မာစွာရပ်တည်ခဲ့ကာ “မှန်ရာကိုသစ္စာဆိုမည် ICJ ဆီ” မှတ်တမ်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ IBEC အနေဖြင့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ(၅) ရက်နေ့ရက်စွဲဖြင့် ဂမ်ဘီယာနိုင်ငံအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်ကိုလည်း ထိုအချိန်ကတည်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
မြန်မာ့သမိုင်းကြောင်းတွင် တရားဝင်တည်ရှိခဲ့ခြင်းမရှိသော “ရိုဟင်ဂျာ” ဟူသည့်အမည်နာမကို အသိအမှတ်ပြုသုံးစွဲပြီး လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု ဆုံးဖြတ်ခြင်းမှာ ICJ တရားရုံးအနေဖြင့် ကြီးမားသော တရားစီရင်ရေး အမှားကြီးကို ကျူးလွန်ခြင်းဖြစ်သည်။ အကယ်၍ အမှန်တကယ် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပါက အဆိုပါ ဘင်္ဂါလီများ သက်ရှိထင်ရှား တစ်ဦးတစ်ယောက်မျှ ကျန်ရစ်စရာအကြောင်းမရှိပေ။
သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၌ အခြေစိုက်သောအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ International Buddhist Education Centre -IBEC က ICJ ဆုံးဖြတ်ချက်အား တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ICJ ရုံးတော်နှင့် ကုလသမဂ္ဂ UN အဖွဲ့အစည်းများထံသို့လည်း တရားဝင် ကန့်ကွက်ရှုတ်ချကြောင်း စာများပေးပို့သွားမည်ဖြစ်ကြောင်းနှင့် IBEC သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်အတူ ထာဝရ ရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။
