ကြက်မွေးမြူရေးခြံတစ်ခုကို တွေ့ရစဥ် (ဓာတ်ပုံ-ကိုထူးဝင်း)
၁၈. ၃. ၂၀၂၃
Written by Ye Kyaw
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန် ကျပ်ဘီလျံ ၇၀ ကို ဆီစက်လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေ ထူထောင်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၁၇ ရက်တွင် ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရဲ့ လက်ကျန်ငွေကျပ်ဘီလျံ ၇၀ မှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေထူထောင်နိုင်ရေးအတွက် ငွေကျပ်ဘီလျံ ၅၀ နဲ့ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်ဘီလျံ ၂၀ သတ်မှတ်ပေးထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ထို့ပြင် ချေးငွေထပ်မံလိုအပ်သည့်လုပ်ငန်းများသို့ တိုးမြှင့်ထုတ်ချေးနိုင်ရေးအတွက် ရန်ပုံငွေတိုးမြှင့်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလျံ ၄၀၀ မှ လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ကျပ်ဘီလျံ ၂၃၀၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလျံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ကျပ် ၈ ဘီလျံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ခြောက်ခုတို့သို့ ငွေကျပ် ၅ ဘီလျံစီဖြင့် စုစုပေါင်းရန်ပုံငွေ ကျပ်ဘီလျံ ၃၃၀ ကို မတည်ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပုံစာ-ကြက်မွေးမြူရေးခြံတစ်ခုကို တွေ့ရစဥ် (ဓာတ်ပုံ-ကိုထူးဝင်း)


