၁၂.၁၀.၂၀၂၆
Translated by Htwe Ko Tun
ယီမင်နိုင်ငံသို့ ဦးတည်သွားနေသော ခန့်မှန်းခြေ ရွှေ့ပြောင်းအခြေချသူ ၃၀၅ ဦး လိုက်ပါလာသည့် လှေတစ်စင်း အောက်တိုဘာလ ၈ ရက်ညအချိန်၌ အာဖရိကတိုက်၊ အရှေ့မြောက်ပိုင်း ဦးချိုဒေသရှိ ဂျီဘူတီနိုင်ငံ ကမ်းလွန်တွင် နစ်မြုပ်ခဲ့ရာ လူအနည်းဆုံး ၁၃၉ ဦး သေဆုံးပြီး ၈၄ ဦးခန့် ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အဖွဲ့အစည်း (IOM) က အောက်တိုဘာလ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဤဖြစ်ရပ်တွင် အီသီယိုးပီးယားနိုင်ငံသား အနည်းဆုံး ၈၀ ဦး အသက်ရှင် ကျန်ရစ်ခဲ့သော်လည်း ကလေးငယ် ၁၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အာဖရိကဦးချိုဒေသမှ အာရေဗျကျွန်းဆွယ်သို့ သွားရောက်သည့် လူကြိုက်များသော်လည်း အန္တရာယ်များသော ခရီးလမ်းကြောင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး သင်္ဘောနစ်မြုပ်မှုများထဲမှ တစ်ခုဟု ယူဆရသော ဤဖြစ်ရပ်၌ လူအနည်းဆုံး ၈၄ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ ရွှေ့ပြောင်းအခြေချသူ အများအပြားသည် ပင်လယ်ကွေ့ဒေသရှိ ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် အလုပ်အကိုင်ရရှိရန် ဤလမ်းကြောင်းမှတစ်ဆင့် သွားရောက်လေ့ရှိကြကြောင်း သိရသည်။
IOM ၏ ဂျီဘူတီဆိုင်ရာ မစ်ရှင်အကြီးအကဲ အလက်ဇန်းဒရီ ကွိုက်ဆက်က ထုတ်ပြန်ချက်တစ်ခုတွင် အဆိုပါ လူ့အသက်များဆုံးရှုံးမှုအတွက် အလွန်စိတ်မကောင်းမှုဖြစ်ရပြီး ထိခိုက်နစ်နာရကြောင်း ပြောကြားခဲ့ပြီး ယီမင်နိုင်ငံသို့ သွားရောက်ရန် ဘာ့ဘ် အယ်လ်-မန်ဒက်လက်ကြားကို ဖြတ်ကျော်ပြီး ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေကြသည့် ရွှေ့ပြောင်းအခြေချသူများအနေဖြင့် ဤလမ်းကြောင်းတစ်လျှောက်တွင် ရင်ဆိုင်ရသည့် အန္တရာယ်များကို ဤကြေကွဲဖွယ်ဖြစ်ရပ်က ပြင်းထန်စွာ သတိပေးနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း မတည်ငြိမ်မှုများ မြင့်တက်နေသော်လည်း ဆင်းရဲနွမ်းပါးမှု၊ လုံခြုံမှုမရှိခြင်းနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ တိုးပွားလာခြင်းတို့ကြောင့် ဤခရီးစဉ်ကို သွားရောက်ရန် တွန်းအားပေးမှုများ ဖြစ်နေရသည်ဟု IOM က ဆိုသည်။
လူအများအပြားသည် ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေချိန်တွင် ဂျီဘူတီအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း IOM ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
လက်ရှိတွင် ပြင်းထန်သော ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ယီမင်နိုင်ငံသို့ ဂျီဘူတီမှ ဖြတ်ကျော်သွားလာသည့် ရွှေ့ပြောင်းအခြေချသူ ၂၀,၀၀၀ ကျော်ကို စက်တင်ဘာလအတွင်း တွေ့ရှိခဲ့ရကြောင်း IOM က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ဤလမ်းကြောင်းမှတစ်ဆင့် သွားရောက်ရန် ကြိုးပမ်းခဲ့ကြသည့် ရွှေ့ပြောင်းအခြေချသူ ၉၀၀ ကျော် သေဆုံးခဲ့သည်။
ဖြတ်ကျော်သွားလာရန် ကြိုးပမ်းသူအများစုမှာ အီသီယိုးပီးယားနှင့် ဆိုမာလီယာနိုင်ငံသားများ ဖြစ်ကြသည်ဟု IOM က ဆိုသည်။ စနေနေ့ည ယခုအချိန်အထိ ပြန်လည်ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်းများအနက် အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၄၂ ဦးနှင့် ကလေး ၁၅ ဦး ပါဝင်သည်။
Ref-DW News
