၁၂.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် ရီယာ့ဒ်ရှိ နိုင်ငံတကာလေဆိပ်ကို ဟူသီတို့က အောက်တိုဘာလ ၁၀ ရက်တွင် ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့၍ လူ ၁၂ ဦးသေဆုံးကာ ၃၀၉ ဦး ဒဏ်ရာရခဲ့ပြီးနောက် အောက်တိုဘာလ ၁၁ ရက်တွင် နှစ်ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုတစ်ခုထပ်မံပြုလုပ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
အောက်တိုဘာလ ၁၁ ရက်က ပစ်ခတ်လိုက်သော ဒုံးကျည် သို့မဟုတ် ပစ်ခတ်ခံရသည့် အရာဝတ္ထုတစ်ခုသည် King Khalid နိုင်ငံတကာလေဆိပ်ကို ထိမှန်ခဲ့ပြီး ခရီးသည်ဝင်ပေါက်/ထွက်ပေါက် ခန်းမတစ်ခုတွင် မီးလောင်မှုဖြစ်ပွားစေခဲ့ကြောင်း ဆော်ဒီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အာရေဗျ၏ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က X လူမှုကွန်ရက်တွင် ထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြထားသည်။
ယီမင်နိုင်ငံရှိ ဟူသီ သူပုန်အဖွဲ့က အဆိုပါတိုက်ခိုက်မှုများကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး လေကြောင်းလိုင်းများနှင့် ခရီးသည်များအနေဖြင့် ဆော်ဒီအာရေဗျ၏ လေဆိပ်များနှင့် လေပိုင်နက်ကို အသုံးမပြုကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း တိုက်ချင်းပစ်ဒုံးကျည်များ၊ ခရုစ်ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များ ပေါင်းစပ်အသုံးပြုကာ အဆိုပါလေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းတို့အဖွဲ့က ပြောကြားခဲ့သည်။
ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ ရေနံလုပ်ငန်းဆိုင်ရာ အဆောက်အအုံများနှင့် ဒမ်မမ် (Dammam) လေဆိပ်တို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယာရာဆာရီးက ပြောကြားခဲ့သည်။
“ဆော်ဒီအာရေဗျနိုင်ငံအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စွာ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ၎င်းက ကတိပြုပြောကြားခဲ့ပြီး မက္ကာနှင့် မဒီနာမြို့တော်များမှလွဲ၍ ဆော်ဒီလေဆိပ်အားလုံးသည် တိုက်ခိုက်ခံရနိုင်ခြေရှိသော ပစ်မှတ်များဖြစ်ကြောင်း သတိပေးခဲ့သည်။
ယီမင်ပြည်တွင်းစစ်အတွင်း အစိုးရတပ်ဖွဲ့များကို ဆော်ဒီအာရေဗျက ထောက်ခံအားပေးမှုနှင့် ဆာနာလေဆိပ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုတို့ကြောင့် ဆော်ဒီအာရေဗျကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီတို့က ပြောကြားထားသည်။
ယခုကဲ့သို့ အကြမ်းဖက်မှုများ ပြန်လည်မြင့်တက်လာခြင်းမှာ ၂၀၂၂ ခုနှစ်တွင် ဟူသီများနှင့် ဆော်ဒီဦးဆောင်သော တပ်ဖွဲ့များအကြား ရရှိခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဇူလိုင်လတွင် ပျက်ပြားသွားခဲ့ပြီးနောက် ပြန်လည်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဟူသီတို့က လျင်မြန်သောထိုးစစ်ဖြင့် ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက်ရှိ မဟာဗျူဟာမြောက် အရေးပါသော နေရာများကို သိမ်းပိုက်လိုက်ပြီးနောက် ပဋိပက္ခမှာ ပိုမိုပြင်းထန်လာခဲ့ပြီး ဆော်ဒီအာရေဗျ၏ တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ယီမင်အစိုးရလိုလားသော တပ်ဖွဲ့များက အဆိုပါဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် လက်ရှိတွင် ဟူသီ လက်နက်ကိုင်အဖွဲ့သည် ယီမင်နိုင်ငံ၏ နယ်မြေဧရိယာ လေးပုံတစ်ပုံခန့်နှင့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားသည်။ အီရန်၏ ထောက်ခံအားပေးမှု ရရှိထားသော ဤလက်နက်ကိုင်အဖွဲ့က နောက်ဆုံးတွင် ယီမင်နိုင်ငံတစ်ဝန်းလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် မျှော်မှန်းထားသည်။
ဤအခြေအနေကြောင့် မိမိတို့နိုင်ငံ၏ တောင်ဘက်နယ်စပ်တွင် အီရန်၏ လွှမ်းမိုးမှုအောက်ရှိ နိုင်ငံငယ်တစ်ခု ပေါ်ပေါက်လာမည်ကို ဆော်ဒီအာရေဗျနိုင်ငံက စိုးရိမ်လျက်ရှိသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အရပ်ဖ်ချီက အောက်တိုဘာလ ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးနှင့် ပြောကြားရာ၌ ဟူသီအုပ်ချုပ်ရေးအဖွဲ့ကို ရည်ညွှန်းလျက် ဆော်ဒီအာရေဗျနှင့် ယီမင်တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရေး အတွက် မိမိတို့နိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
Ref: BBC
