သက်တံ့
၉. ၁၀. ၂၀၂၆
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထရမ့်ပ်အစိုးရသည် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒတွင် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်ကြောင်း ရိုက်တာ (Reuters) သတင်းဌာနက မနေ့က သတင်းဖော်ပြခဲ့သည်။
ရိုက်တာသတင်းထောက် ဆိုင်မွန် လူးဝစ် (Simon Lewis) ရေးသားပြီး လက်ရှိနှင့် တာဝန်မှ အနားယူသွားပြီးဖြစ်သော အမေရိကန်အရာရှိ ၇ ဦးနှင့် အခြား မူဝါဒပြောင်းလဲမှုအကြောင်း သိရှိသူများကို ကိုးကားထားသည့် အဆိုပါအစီရင်ခံစာအရ ယခုဆက်သွယ်ဆောင်ရွက်မှုသည် လက်ရှိအချိန်အထိ အွန်လိုင်းလိမ်လည်မှုစင်တာများကို ပိတ်သိမ်းရေး ကြိုးပမ်းမှုများကဲ့သို့သော သီးခြားကိစ္စရပ်များအပေါ် အဓိကထားဆောင်ရွက်နေခြင်းဖြစ်သော်လည်း “မြန်မာနိုင်ငံ၏ မြေရှားဒြပ်စင်သယံဇာတများ ပါဝင်သည့် ပိုမိုကျယ်ပြန့်သော ထိတွေ့ဆက်ဆံမှုများဆီသို့ ဦးတည်သွားနိုင်သည်” ဟု ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance) သည် စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် “ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်” ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။ အဆိုပါတွေ့ဆုံမှုသည် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်စီးပွားရေးသမား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်ရေးအတွက် အမည်ခံပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ထပ် ဆက်လက်ထိတွေ့ဆက်ဆံရန်အတွက် အခွင့်အရေးတစ်ခု ဖြစ်စေခဲ့ကြောင်း သတင်းရင်းမြစ် ၄ ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။
ယခုထိတွေ့ဆက်ဆံမှုသည် ရေရှည်တည်တံ့သည်ဖြစ်စေ၊ မတည်တံ့သည်ဖြစ်စေ မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန် မူဝါဒ၏ အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်သည်။ ဦးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အာဏာထိန်းသိမ်းအပြီး အမေရိကန်အစိုးရသည် ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် တပ်မတော်နှင့် ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချက်ချင်းပြန်လည်စတင်ခဲ့သည်။ နောက်တစ်နှစ်တွင် အမေရိကန်သည် သံတမန်အဆင့်ကို လျှော့ချခဲ့ပြီး အပြည့်အဝ အသိအမှတ်ပြုထားသော သံအမတ်ကြီးအစား သံရုံးယာယီတာဝန်ခံဖြင့်သာ ကိုယ်စားပြုခဲ့သည့် ၁၉၈၇ မှ ၂၀၁၂ ခုနှစ်ကြားက မူဝါဒသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ယင်းအပြင် ဇွန်လက ရန်ကုန်လေဆိပ်တွင် အကြောင်းအရင်း ရေရေရာရာမရှိဘဲ ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌဟောင်း ကက်စတီလိုအား ထိန်းသိမ်းထားမှုကို မြန်မာအစိုးရသစ်က ဝါရှင်တန်နှင့် သံတမန်ရေးအရ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရန် အသုံးချခဲ့သည်ဆိုသည်ကိုလည်း ရိုက်တာသတင်းက ထောက်ပြထားသည်။
စက်တင်ဘာလက ဗန့်စ် နှင့် ဦးမင်းအောင်လှိုင်တို့ မတွေ့ဆုံမီ ကက်စတီလို လွတ်မြောက်ရေးအတွက် အမေရိကန်နှင့် မြန်မာအရာရှိများကြား နောက်ကွယ်မှ ညှိနှိုင်းမှုများ ရှိခဲ့သည်။ ယင်းညှိနှိုင်းမှုများအတွင်း မြန်မာဘက်က အပြန်အလှန်အနေဖြင့် “အမေရိကန်အစိုးရနှင့် သင့်တော်သည့်သံတမန်အဆင့်နှင့် တရားဝင်ထိတွေ့ဆက်ဆံပေးရန်” သာ တောင်းဆိုခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
ယခု ဆွေးနွေးပွဲများသည် အမေရိကန်နှင့် မြန်မာအရာရှိများအကြား ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံခြင်းမဟုတ်ကြောင်းကိုလည်း အဆိုပါအစီရင်ခံစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ဇွန်လအတွင်းက အမေရိကန် – မြန်မာနှစ်ဖက်စလုံးသည် တိုကျိုမြို့တွင် တွေ့ဆုံပွဲများ ကျင်းပခဲ့ကြသည်။ သတင်းအေဂျင်စီ၏ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ အဆိုပါတွေ့ဆုံပွဲတွင် ဗန့်စ် အပြင် “စီးပွားရေးပိတ်ဆို့မှုများကို ကြီးကြပ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနနှင့် ပင်တာဂွန် (စစ်ကာကွယ်ရေးဝန်ကြီးဌာန) တို့မှ အရာရှိများ ပါဝင်ခဲ့ကြသည်” ဟု ဆိုသည်။ ဗန့်စ် နေပြည်တော်သို့ မသွားရောက်မီ “အမေရိကန်အရာရှိများသည် ဂျပန်နိုင်ငံတွင် မြန်မာအရာရှိများနှင့် လျှို့ဝှက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်” ဟု သတင်းရင်းမြစ်အများအပြားက ပြောကြားခဲ့ကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) မှ ဂျော့ရှ် ကာလန့်ဇစ် (Josh Kurlantzick) က မနေ့က ရေးသားခဲ့သည်။
ယခုကဲ့သို့ ထိတွေ့ဆက်ဆံရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အမြစ်တွယ်လာပြီး အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်လှည့်ဖြားထားသည့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း ရိုက်တာသတင်းက ဆိုသည်။ ထို့အပြင် “အမေရိကန်အရာရှိများသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ လက်အောက်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် အများစုတည်ရှိသော မြန်မာနိုင်ငံ၏ မြေရှားသတ္တု (Heavy Rare Earths) အမြောက်အမြား ထွက်ရှိမှုကို ရရှိနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်” ဟု ဖြည့်စွက်ဖော်ပြထားသည်။
ကမ္ဘာ့အရေးပါသော စက်မှုသတ္တု ရရှိနိုင်မှုအပေါ် ဩဇာကြီးမားစွာ ထိန်းချုပ်ထားသည့် တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေသည့် ထရမ့်ပ်အစိုးရ၏ အချို့အဖွဲ့အစည်းများအတွက် မြန်မာနိုင်ငံ၏ မြေရှားဒြပ်စင်သယံဇာတများသည် စွဲလမ်းစရာ ကိစ္စတစ်ခုကဲ့သို့ တဖြည်းဖြည်း ဖြစ်လာခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ကချင်ပြည်နယ်ရှိ မြေရှားဒြပ်စင်များကို ရရှိနိုင်ရေးအတွက် အမေရိကန်မူဝါဒ ပြောင်းလဲရန် ရည်ရွယ်သည့် “ယှဉ်ပြိုင်အဆိုပြုချက်များကို” အစိုးရအဖွဲ့အရာရှိများ ကြားသိခဲ့ရကြောင်း ရိုက်တာက သတင်းဖော်ပြခဲ့သည်။
အဆိုပါ အဆိုပြုချက်များကို တင်ပြခဲ့သူများထဲတွင် အခြားသူမဟုတ်ဘဲ အဒမ် ကက်စတီလို ကိုယ်တိုင်ပါဝင်ပြီး၊ သူသည် ဇူလိုင် ၁၇ ရက်က ဝါရှင်တန်ရှိ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (J.D. Vance) ၏ ရုံးခန်းတွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။
နေပြည်တော်နှင့် ထပ်မံဆက်ဆံရန် အဆင့်တစ်ခုခုလှမ်းခြင်း၊ ဦးမင်းအောင်လှိုင်နှင့် အခြားထိပ်တန်းအရာရှိများအပေါ် ချမှတ်ထားသော အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ခြင်းတို့သည် ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်ပေါ်စေဖွယ်ရှိသည်။ အစိုးရသစ်အနေဖြင့် အခြေအနေများကို ထိန်းချုပ်ထားနိုင်ပြီး ပုံမှန်အတိုင်းဖြစ်နေသည်ဟု ပုံဖော်ရန် ကြိုးပမ်းနေသော်လည်း နိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ဆက်လက်လှုပ်ခတ်နေဆဲဖြစ်သည်။ အစိုးရသစ် တက်လာသော်လည်း ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းမှ စစ်ပွဲများကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃ ဒသမ ၈ သန်းကျော် စစ်ဘေးရှောင်နေရဖွယ်ရှိနေသည်ဟု ACLED က ခန့်မှန်းထားသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က မနေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကျန်းမာရေးနှင့် ပညာရေးစနစ်များ “တစ်ပြိုင်နက်တည်း ပြိုလဲသွားခြင်း” နှင့် စီးပွားရေး ကျဆင်းသွားခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ လူ ၃ ဦးတွင် ၂ ဦးကျော်သည် “ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု” ထဲသို့ ရောက်ရှိနေ သို့မဟုတ် ကျရောက်နိုင်သည့် အန္တရာယ်ရှိနေကြောင်း ဖော်ပြထားသည်။
ဧပြီလတွင် သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် ဦးမင်းအောင်လှိုင်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အပါအဝင် အဓိကမိတ်ဖက်များနှင့် ဆက်ဆံရေးကို အခိုင်အမာဖြစ်စေရန်နှင့် နေပြည်တော်၏ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် ရည်ရွယ်သည့် သံတမန်ရေးရာ စစည်းရုံးမှုများကို စတင်ခဲ့သည်။ စီးပွားရေး/နိုင်ငံရေး မူဝါဒ အပြောင်းအလဲတစ်ခုအဖြစ် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ခမ်းခမ်းနားနား ကြိုဆိုခဲ့သည့် မလေးရှားနိုင်ငံသို့ အဆိုပါ ဦးမင်းအောင်လှိုင် ရောက်ရှိခဲ့ဖူးသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့အတွင်းသို့ အပြည့်အဝ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လွန်ခဲ့သည့်လများအတွင်းက ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သို့လည်း သွားရောက်ခဲ့သည်။
အမေရိကန်နှင့် အကန့်အသတ်ဖြင့်ဖြစ်စေ ပြန်လည်ထိတွေ့ဆက်ဆံရခြင်းသည် ဦးမင်းအောင်လှိုင်အတွက် နောက်ထပ် သံတမန်ရေးရာ အောင်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။ သို့သော် ယင်းမှ အမေရိကန်အတွက် အကျိုးအမြတ် ရရှိမည် မရရှိမည်ဆိုသည်မှာမူ မရေရာသေးပေ။ CFR အတွက် ရေးသားခဲ့သည့် ကာလန့်ဇစ် က မြန်မာနိုင်ငံ၏ မြေရှားဒြပ်စင်များသည် တရုတ်နယ်စပ်နှင့် နီးကပ်နေပြီး “ဘေဂျင်းက လွှမ်းမိုးထားသည့်” ဒေသများတွင် တည်ရှိနေသောကြောင့် အမေရိကန်အနေဖြင့် ယင်းတို့ကို ရရှိနိုင်ရန် “စိတ်ကူးကြည့်ဖို့ပင် ခက်ခဲပါသည်” ဟု ထောက်ပြထားသည်။
Ref: Diplomat
