




၉.၁၀.၂၀၂၆
Written by NYL
အိမ်ငှားခများ တစ်နေ့ထက် တစ်နေ့မြင့်တက်လာပြီး ကျဉ်းကျပ်သည့် အဆောင်၊ အခန်းတွဲများတွင် နေထိုင်ရသည့်အတွက် ဝါးတစ်ရာအထည်ချုပ်စက်မှုဇုန်၌ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ (သို့မဟုတ်) တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ရန်ပေးရန် အစီအစဉ်ရှိ/မရှိ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသိန်းနိုင်က စက်တင်ဘာ ၉ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြန်လည်ဖြေကြားခဲ့သည်။
ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသိန်းနိုင်က ” ဝါးတစ်ရာအထည်ချုပ်စက်မှုဇုန်သည် အထည်ချုပ်စက်ရုံများ၊ ဖိနပ်စက်ရုံများ၊ အသေးစား၊ အလတ်စားစက်ရုံများ များစွာတည်ရှိသော စက်ရုံ၊ စက်မှုဇုန်ကြီး ဖြစ်ပါတယ်။ အဆိုပါစက်မှုဇုန်တွင် ရန်ကုန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဒေသခံပြည်သူများအပြင် တိုင်းဒေသကြီးအသီးသီးမှ လာရောက်လုပ်ကိုင် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သား စက်ရုံဝန်ထမ်းများ များစွာ မှီတင်းနေထိုင်လျက် ရှိပါတယ်။ ထို့သို့ ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှုအပိုင်းကို အဓိကမောင်းနှင်ပေးနေတဲ့ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများသည် မိသားစု စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်သော ပုံမှန် လုပ်ခလစာအပေါ်တွင်သာ အပြည့်အဝမှီခိုနေရသူများလည်း ဖြစ်ပါတယ်။ လက်ရှိကာလတွင် စက်မှုဇုန်ပတ်ဝန်းကျင်၌ အိမ်ငှားခများ တစ်နေ့ထက် တစ်နေ့မြင့်မားလာခြင်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အခန်းတွဲ၊ အဆောင်များ၊ အခြေကျလွန်းသည့် အိမ်ငှားဘဝများတွင် ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်ရခြင်းတို့ကြောင့် ဝန်ထမ်းများ၏ လူနေမှုဘဝနှင့် ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုများကို ကြုံတွေ့နေရပါတယ် ” မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် စက်မှုဇုန်များအနားနှင့် ဝေးကွာသောနေရာများတွင် သွားရောက်နေထိုင်ကြရသည့် အတွက်ကြောင့် သွားလာရေး စရိတ်မြင့်မားခြင်းနှင့် အချိန်ကုန်လွန်မှုများအတွက် နေ့စဉ် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ အဆိုပါ ဝန်ထမ်းလုပ်သားများ၏ နေ့ထိုင်ရေးအခြေအနေ အဆင်ပြေမှုရှိမှသာလျှင် စက်ရုံများ ကုန်ထုတ်လုပ်မှုများလည်း မြင့်မားလာမည်ဖြစ်ပြီး မိသားစုများ တည်ငြိမ်အေးချမ်းရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ ရေရှည်အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် သင့်တော်သည့် ကုန်ကျစရိတ်ဖြင့် ဝယ်ယူငှားရမ်းနေထိုင်နိုင်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများ ဆောက်လုပ်ပေးရန် အလွန်ပင် လိုအပ်လျက်ရှိကြောင်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ထို့ကြောင့် မြေလွတ်မြေလပ်နေရာများတွင် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ သို့မဟုတ် တန်ဖိုးသင့်အိမ်ရာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှသော်လည်းကောင်း၊ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှသော်လည်းကောင်း တာဝန်ယူဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မေးမြန်းရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြန်လည်ဖြေကြားရာတွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရွှေပြည်သာမြို့နယ်တွင် မြေကွက်ပေါင်း ၄၂၅ ကွက်၊ မြေဧရိယာအားဖြင့် ၁၀၉၉ ဒသမ ၆၄ ဧကအား ဝါးတရာ စက်မှုဇုန်အဖြစ် ဖော်ဆောင်ခဲ့ပြီး စက်မှုမြေ မြေကွက်များကို ချထားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် မြေကွက် ၆ ကွက်ကို စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများသို့ ၂၀ နှစ် အပေါင်း ၅ နှစ်၊ အပေါင်း ၅ နှစ်ဖြင့် နှစ်ရှည်ငှားရမ်းချထားနိုင်ရန် နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်အရ တင်ဒါခေါ်ယူ၍ ငှားရမ်းနိုင်ရေးဆောင်ရွက်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဝါးတစ်ရာစက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ သို့မဟုတ် တန်ဖိုးသင့်သောအိမ်ရာ ဆောက်လုပ်ပေးရန် ဝါးတရာစက်မှုဇုန်တွင် မြေပိုမြေလိုမရှိခြင်း၊ စီမံကိန်း ရေးဆွဲထားမှု မရှိသေးခြင်း၊ ဆောက်လုပ်ရေးအသုံးအဆောင် ပစ္စည်းများ၏ ကုန်ကျစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် တန်ဖိုးနည်းအိမ်ရာ သို့မဟုတ် တန်ဖိုးသင့်အိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိပါကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ပြောကြားခဲ့သည်။
ဆက်လက်၍ စက်မှုဇုန်ဥပဒေအရ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းအအတွက် တန်ဖိုးနည်းအိမ်ရာ သို့မဟုတ် တန်ဖိုးသင့်အိမ်ရာ ဆောက်လုပ်မည်ဆိုပါက ဒေသဆိုင်ရာ ကော်မတီ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခု အစိုးရသစ် တာဝန်ယူသော အစကာလတွင် မြို့ပြ စီမံကိန်းများနှင့် ပတ်သက်သော စီမံကိန်းများ ရေးဆွဲရန် စီစဉ် ဆောင်ရွက်ဆဲအခြေဖြစ်၍ ပြည်ထောင်စုအဆင့်သို့ တင်ပြလမ်းညွှန်မှုခံယူရမည်ဖြစ်ပြီး လက်တလော ဆောင်ရွက်ရန် အစီအစဉ် မရှိသေးပါကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ဖြေကြားခဲ့ကြောင်း သိရသည်။
