၇.၆.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၂) ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ စိတ်တိုင်းကျ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့သော အိမ်ဆောက်ပစ္စည်းပိုင်ရှင် အမျိုးသားကို သတ်ကာ လုယက်ခဲ့သူ သုံးဦးကို အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းက ဖမ်းမိခဲ့ပြီး ကျုးလွန်သူများမှာ ဆိုင်တွင် စျေးဝယ်ဖူးသူပါဝင်ကြောင်း ရဲတပ်ဖွဲ့၏စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။
လူသတ်မှုကျုးလွန်သူသုံးဦးမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်ကြသော အသက် ၃၅ နှစ်အရွယ် ဦးအောင်ကိုဦး (ခ) လင်းလင်းရွှေ၊ အသက် ၃၉ နှစ်အရွယ် ဇော်မျိုးနိုင် (ခ) အရှည်ကြီးနှင့် အသက် ၂၆ နှစ်အရွယ် ကိုကျော်ကိုကို (ခ) ကံဦးတို့ဖြစ်ပြီး ပန်းရန်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏စစ်ဆေးချက်များအရ ကျုးလွန်သူသုံးဦးမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်ရေးလုပ်စဉ်က ယခုဖြစ်ပွားသော ဆိုင်တွင် စျေးဝယ်ဖူးပြီး အသက်ကြီးသူ နှစ်ဦးသာ စျေးရောင်းချသည်ကို သိရှိထားပြီး ကျုးလွန်သူများမှာ အလုပ်မရှိသည့်အပြင် အဆောင်ခပေးစရာမရှိသဖြင့် လုယက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။
အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ကျုးလွန်သူများက အိမ်ဆောက်ပစ္စည်းဆိုင်ထဲသို့ ဝင်ရောက်စဥ် ဆိုင်ပိုင်ရှင် အသက် ၅၈ နှစ်အရွယ် ဦးကျော်ကျော်လွင်က အော်ဟစ်အကူအညီတောင်းသဖြင့် ၎င်းတို့ယူဆောင်လာသော တစ်ခြမ်းပဲ့ ကတ်ကြေးဖြင့်ထိုးခြင်း၊ နေအိမ်မီးဖိုခန်းရှိ ဓားများဖြင့် ထိုးခုတ်ခဲ့ပြီး ရွှေလက်စွပ်တစ်ကွင်းနှင့် ၇၀၀၀ ကျပ်သာ ရရှိကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားဖြင့်ထိုးခုတ်ခံရသူ ဦးကျော်ကျော်လွင်၏ လည်ပင်း၊ ဘယ်/ညာပါး၊ ဂုတ်ပိုး၊ နောက်ကျောနှင့် ညာလက်မောင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၅၂/၃၅၄/၃၂၃ ဖြင့် အမှုဖွင့်ကာ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းကာ ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
