၆.၁၀.၂၀၂၆
Written by Linn Eain
ဘယ်လာရုစ်နိုင်ငံသူတစ်ဦးကို Online ငွေကြေးလိမ်လည်သည့်လုပ်ငန်းသို့ ပို့ဆောင် အဓမ္မအလုပ်ခိုင်းစေမှုမှ မြန်မာနိုင်ငံသား ငါးဦးကို မင်္ဂလာဒုံခရိုင်တရားရုံးက အောက်တိုဘာ ၁ ရက်တွင် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးနေသည့် တာဂျစ်ကစ္စတန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်.
လူမှုကွန်ရက်စာမျက်တစ်ခုဖြစ်သည့် Hlaing Info တွင် “ကျားဖြန့်ဂိုဏ်းတွေက ဘယ်လာရုစ် အဆိုတော်ကိုသတ်ပြီး ကိုယ်တွင်း အင်္ဂါတွေ ထုတ်ယူသွားခဲ့တယ်လို့ သတင်းထွက်” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိသဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် မြန်မာနိုင်ငံသား ကျော်သူ(ခ)စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ညီညီသက်နှင့် မနန်းပေါင်းဟွမ်း (ခ)ဆိုဖီယာ(ခ)Li Li(ခ) ကျင်းကျင်းတို့ ငါးဦးသည် ဘယ်လာရုစ်နိုင်ငံသူတစ်ဦးအား ငွေကြေးဖြင့်မက်လုံးပေးခေါ်ဆောင်၍ မြန်မာနိုင်ငံသား မျိုးဇော်လင်း၊ ဝသုန်အောင် (ခ)ဝသုန်၊ ရန်ပိုင်စိုး(ခ)အငယ်လေး၊ တာဂျစ်ကစ္စတန်နိုင်ငံသား MUKAIR SHOEV RUSTAM ODINAEN ALIJON တို့ ငါးဦးနှင့် ချိတ်ဆက်၍ Online ငွေကြေးလိမ်လည်သည့်လုပ်ငန်းသို့ ပို့ဆောင်ကာ အဓမ္မအလုပ်ခိုင်းစေ၍ လုပ်အားခအပေါ် အကျိုးအမြတ်ရယူရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမှတ်(၆)မှုခင်းရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အမှုဖွင့် တရားစွဲတင်ခဲ့ပြီး မင်္ဂလာဒုံခရိုင်တရားရုံးတွင် အမှုအားစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် မင်္ဂလာဒုံခရိုင်တရားရုံးက အောက်တိုဘာ ၁ ရက်တွင် ဖမ်းမိတရားခံ ကျော်သူ(ခ)စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း(ခ) ကိုရဲ၊ ညီညီသက်နှင့် မနန်းပေါင်းဟွမ်း (ခ)ဆိုဖီယာ(ခ)Li Li(ခ) ကျင်းကျင်းတို့ ငါးဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထွက်ပြေးတိမ်းရှောင် တရားခံများဖြစ်ကြသည့် တာဂျစ်ကစ္စတန်နိုင်ငံသား MUKAIR SHOEV RUSTAM ODINAEN နှင့် မြန်မာနိုင်ငံသား မျိုးဇော်လင်း၊ ဝသုန်အောင်(ခ)ဝသုန်၊ ရန်ပိုင်စိုး(ခ)အငယ်လေး၊ ALIJON တို့ ငါးဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ဖြင့် ဝရမ်း အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)အရ မည်သူမဆို ပုဒ်မ ၃၅ ပါ လူကုန်ကူးမှုကို ဂိုဏ်းဖွဲ့မှုခင်းကျူးလွန်သူ အုပ်စုဖြင့်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်ရာတွင် ကိုယ်တိုင်ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ယင်းအုပ်စုဝင် တစ်ဦးချင်းကို အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်များအရ ဘယ်လာရုစ်နိုင်ငံသူတစ်ဦးဖြစ်သူ Vera Kravtsova (အသက် ၂၆) နှစ်သည် မော်ဒယ်အလုပ်တစ်ခုကို အကြောင်းပြု၍ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကာ ယင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကူးသန်းခဲ့ကြောင်း၊ Online Scam Center တစ်ခုတွင် အတင်းအကျပ်အလုပ်ခိုင်းစေခံရပြီး မိသားစုနှင့် ၂၀၂၅ ၊ အောက်တိုဘာ ၄ ရက်တွင် နောက်ဆုံးအဆက်သွယ်ရရှိခဲ့သည်ဟု သိရသည်။
ဘယ်လာရုစ်နိုင်ငံသူ Vera Kravtsova သည် The Voice Belarus ပြိုင်ပွဲဝင်တစ်ယောက်လည်း ဖြစ်ပြီး ၂၀၂၅ စက်တင်ဘာတွင် Bangkok သို့ လေယာဉ်ဖြင့်ပျံသန်းသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခုက ဖော်ပြထားသည်။
