၆.၁၀.၂၀၂၆
Written By Thandar
ထပ်ဆင့်အကယ်ဒမီများရှင် ဂီတမှူးဦးခင်မောင်ကြီး အသက် ၈၆ နှစ်ဟာ ၉၆ ပါးရောဂါနဲ့ ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅မိနစ်က ကွယ်လွန်ခဲ့ပါတယ်။
“ဦးခင်မောင်ကြီးက ယနေ့ မနက်အစောပိုင်း ၀၀:၂၅ နာရီက ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ပါတယ်”လို့ ကျန်ရစ်သူမိသားစုက ဝမ်းနည်းစွာပရိသတ်ကို အသိပေးလာပါတယ်။
ဂီတမှူး ဦးခင်မောင်ကြီးဟာ မြန်မာ့ရုပ်ရှင်နဲ့ ဂီတလောကမှာ ထင်ရှားကျော်ကြားလှတဲ့ ဝါရင့်ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်နောက်ခံတေးဂီတ ဖန်တီးမှုတွေမှာ ထူးချွန်ပြောင်မြောက်လှပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၃) ဆုအထိ ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။
သူ့ဟာ ၂၀၀၂ ခုနှစ်က “ငါသူတစ်ပါး ယောက်ျားမိန်းမ”ဇာတ်ကား၊ ၂၀၀၆ ခုနှစ်က “မျှော်လင့်ခြင်းများစွာ” ဇာတ်ကားနဲ့ ၂၀၁၄ ခုနှစ်က “ကောင်းကျိုးကိုယ်၌တည်စေမင်း” ဇာတ်ကားတို့နဲ့ အကောင်းဆုံးရုပ်ရှင်တေးဂီတဆု အကယ်ဒမီ ၃ ဆုတိုင်တိုင်ရရှိထားတဲ့ ဝါရင့်ပညာရှင်ကြီးဖြစ်ပါတယ်။
ဦးခင်မောင်ကြီးကို မကွေးတိုင်း၊ ချောက်မြို့မှာ ဖခင် ဦးလှမောင်၊ မိခင် ဒေါ်ခင်အေးမြင့်တို့က ၁၃၀၂ ခုနှစ်က မွေးဖွားခဲ့ပြီ ၁၉၅၅ ခုနှစ်ဝန်းကျင်ကစတင်ပြီး ဂီတလောကသို့ ဝင်ရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့က “တေးနံ့သာမြိုင်” တေးဂီတအဖွဲ့နဲ့အတူ စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
