၆.၁၀.၂၀၂၆
Written by Linn Eain
ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသို့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန်နှင့် ထွက်ပြေးနေသူများကို ဝရမ်းပြေးအဖြစ် အင်းစိန်ခရိုင်တရားရုံးက အောက်တိုဘာ ၁ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦး နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် ဖခင်ဖြစ်သူ ဦးမောင်မောင်လွင်က လိုက်လံရှာဖွေခဲ့ရာ ၎င်း၏သားဖြစ်သူအား တစ်မြို့နယ်တည်းနေ ဇော်လှိုင်မောင်၊ ဆိုတေး၊ ထွန်းဝင်းလှိုင်(ခ) ကုလားဝတုတ်၊ ကျော်နိုင်ဦး(ခ) ဖိုးကျော်၊ အောင်ဆန်း(ခ) ဘုံတို၊ မမြမြထွေး(ခ)ကလေးမနှင့် မရီရီသန်းတို့က ခြိမ်းခြောက်ခေါ်ဆောင်ကာ ကျားဖောင်ရေလုပ်ငန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အေးလွင်၊ မကံ့ကော်ပန်း(ခ)ပုံပုံ၊ အောင်ကိုဦးတို့နှင့် ချိတ်ဆက်၍ လုပ်အားခအပေါ် ခေါင်းပုံဖြတ်အကျိုးအမြတ်ရယူရန် ဆောင်ရွက်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ်၍ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် သောင်ကြီးနယ်မြေရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။
သောင်ကြီးနယ်မြေရဲစခန်းက ကျူးလွန်သူများကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(ခ)ဖြင့် အမှုဖွင့် တရားစွဲတင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် အင်းစိန်ခရိုင်တရားရုံးက ကျူးလွန်သူများအနက် ဖမ်းမိတရားခံ အေးလွင်၊ မကံ့ကော်ပန်း (ခ)ပုံပုံ၊ အောင်ကိုဦးနှင့် ဇော်လှိုင်မောင်တို့ လေးဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(ခ)အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ဆိုတေး၊ ထွန်းဝင်းလှိုင် (ခ)ကုလားဝတုတ်၊ ကျော်နိုင်ဦး(ခ)ဖိုးကျော်၊ အောင် ဆန်း(ခ)ဘုံတို၊ မမြမြထွေး(ခ) ကလေးမနှင့် မရီရီသန်းတို့ ခြောက်ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ဝရမ်းအတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
