သက်တံ့
၅. ၁၀. ၂၀၂၆
ပြီးခဲ့သည့် ဩဂုတ်၊ စက်တင်ဘာလအတွင်း တစ်လုံး ကျပ် ၅၅၀ မှ ကျပ် ၇၀၀ အထိ အရွယ်အစားအလိုက် စျေးနှုန်းမြင့်တက်ခဲ့သော ကြက်ဥစျေးနှုန်းများမှာ ယခု အောက်တိုဘာလဆန်းမှ စတင်ပြီး လက်လီလက်ကားစျေးကွက်အတွင်း တစ်လုံး ကျပ် ၁၀၀ ဝန်းကျင် ပြန်လည် ကျဆင်းလာနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကြက်ဥစျေးကွက်အတွင်း ကြက်ခြံများမှ အသေးဆုံး ၁၅/၁၆ ကီလိုမှ အကြီးဆုံး ၂၃/၂၄ ကီလိုအတွင်း ဥများထွက်ရှိသော်လည်း အသေးဆုံးဥများနှင့် အကြီးဆုံးဥများမှာ လက်လီစျေးကွက်အတွင်း မတွေ့ရဘဲ ၁၈/၁၉/၂၀/၂၁/၂၂ ကီလို ကြက်ဥများသာ အဓိကဖြန့်ဖြူးကြသည်။
ထိုအရွယ်အစားများအနက် ၁၉/၂၀/၂၁/ ၂၂ ကီလိုအရွယ် ကြက်ဥများကို ကြက်ခြံများမှ ဝယ်ယူကာ ရန်ကုန်မြို့အတွင်း ဖြန့်ဖြူးနေသူများ၏ လက်ကားစျေးအရ အောက်တိုဘာ ၂ ရက်နေ့စျေးများမှာ ၁၉ ကီလိုတစ်လုံးလျှင် အများစျေး တစ်လုံး ၄၂၀ ကျပ်မှ ၄၃၇ ကျပ်၊ ၂၀ ကီလိုတစ်လုံးလျှင် ကျပ် ၄၄၀ မှ ၄၅၇ ကျပ်၊ ၂၁ ကီလိုတစ်လုံးလျှင် ၄၇၃ ကျပ်မှ ကျပ် ၄၉၀ နှင့် အကြီးဆုံးဆိုက် ၂၂ ကီလို တစ်လုံးလျှင် ၅၁၃ ကျပ်မှ ကျပ် ၅၃၀ အကြား ဖြန့်ချိရောင်းချနေပြီး လက်လီစျေးကွက်အတွင်း ကျပ် ၄၈၀ မှ ကျပ် ၆၀၀ အကြား ရောင်းချနေကြောင်း သိရသည်။
“ကြက်ဥတွေ စျေးပြန်ကျသွားတာ တစ်လုံး ၁၀၀ လောက်ကျသွားတယ်။ ကြက်ဥက တစ်ခါဝယ်ရင် ဆယ်လုံးလောက်ဝယ်ထားတာဆိုတော့ တစ်ရာတက်လည်း သိသာတယ်။ တစ်ရာကျလည်း သိသာတယ်။ ခြောက်လပိုင်းလောက်တုန်းက အကြီးဆုံးမှ ၅၀၀၊ ၅၅၀ ကနေ ၇၀၀ အထိ တက်သွားတာ။ အဲဒီတုန်းကစျေးနား ပြန်ကျရင် ပိုကောင်းတာပေါ့။ မနက်တိုင်း ထမင်းချိုင့်ထည့်ရင် ကြက်ဥပဲ အလွယ်ရှိတာ။ မိသားစုသုံးယောက်စာဆိုတော့ ကြက်ဥက တစ်ရက် ငါးလုံးခြောက်လုံး ရက်ခြားစားနေတော့ စျေးတက်ချိန်ဆို ထပ်တက်ဦးမလား ပူနေရတာ”ဟု တာမွေမြို့နယ်နေ ရုံးဝန်ထမ်း အိမ်ရှင်မတစ်ဦးက ဆိုသည်။
ကြက်ဥစျေးများ မမြင့်တက်မီ ဇွန်လ ၉ ရက်က လက်ကားဖြန့်စျေးများတွင်ပင် ၁၉ ကီလို တစ်လုံး ကျပ် ၃၉၀၊ ၂၀ ကီလိုတစ်လုံး ၄၁၀ ကျပ်၊ ၂၁ ကီလိုတစ်လုံး ကျပ် ၄၃၀ နှင့် ၂၂ ကီလိုတစ်လုံး ၄၅၅ ကျပ်အထိသာ စျေးနှုန်းရှိခဲ့သော်လည်း ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ကြက်ဥစျေးများ မြင့်တက်လာပြီးနောက် သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၅ ရက်အကြားတွင် လက်ကားဒိုင်များ၏ ဖြန့်စျေးမှာ ၁၉ ကီလို တစ်လုံး ၅၃၇ ကျပ်၊ ၂၀ ကီလိုတစ်လုံး ၅၆၇ ကျပ်၊ ၂၁ ကီလိုတစ်လုံး ကျပ် ၆၀၀ နှင့် ၂၂ ကီလိုတစ်လုံး ကျပ် ၆၃၀ အထိ မြင့်တက်ခဲ့ဖူးသဖြင့် ယခုကာလတွင် လက်ကားစျေးကွက်အတွင်းပင် ကြက်ဥတစ်လုံး ကျပ် ၈၀ မှ ကျပ် ၁၂၀ အတွင်း ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။
