၅.၁၀.၂၀၂၆
Written by Linn Eain
၂၀၂၆ ဇန်နဝါရီမှ ယနေ့အထိ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၄၂၂ ဦးကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချိုးဖောက်ခဲ့မှုများကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားသူများကို မြန်မာနိုင်ငံသား မှန်ကန်မှု ရှိ/မရှိကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်ကုန်အထိ မြန်မာနိုင်ငံသားမှန်ကန်သူ ၈၀၄၁ ဦးကို လေယာဉ်ဖြင့် အပတ်စဉ်ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ လေယာဉ်စရိတ် မတတ်နိုင်သည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးအား မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၄ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၆ ဇန်နဝါရီမှ စက်တင်ဘာအထိ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းဖြင့် ပြန်လည်ခေါ်ယူခဲ့သူ စုစုပေါင်း ၉၅၁၇ ဦးရှိကြောင်း သိရသည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် AirAsia လေယာဉ်များဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၉၀၅ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၂၆ ဦးအား အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ ၁၀၈၆ ဦး ကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းကာ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နောင်တွင်လည်း ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်း ပို့နိုင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေး ဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ တရားမဝင်ထွက်ခွာမှုများကို ရှောင်ကြဉ်ကြရန်နှင့် လူကုန်ကူးခံရမှုမရှိစေရေး သတိပြုဆင်ခြင်နိုင်ကြရန်လည်း သတိပေးနှိုးဆော်ထားသည်။
