၄.၁၀.၂၀၂၆
Written by Thiri
ပဲခူးမြို့၊ ဥဿာမြို့သစ်မှာ အမျိုးသမီးတစ်ဦး ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သံသယဖြစ်ဖွယ် သေဆုံးနေတဲ့ဖြစ်စဉ်မှ ကျူးလွန်သူ တရားခံ ပြည့်စုံ (ခ) ဆံရှည် ဆိုသူကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၃ ရက်မှာ အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က ဥဿာမြို့သစ် (၈) ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးမှာ နေထိုင်တဲ့ ဒေါ်ဝင်းမာ (၅၁) နှစ်က သမီးဖြစ်သူ မဇင်မျိုးစံ (၃၀) နှစ်မှာ ရေချိုးရင်း သေဆုံးသွားကြောင်း နယ်မြေရဲစခန်းသို့ သတင်းပေး အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
သတင်းအရ ရဲအုပ် ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူ မဇင်မျိုးစံရဲ့ ခန္ဓာကိုယ်ပေါ်မှာ သဘာဝအတိုင်း သေဆုံးခြင်းမဟုတ်တဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ အညိုအမည်းစွဲဒဏ်ရာတွေ တွေ့ရှိခဲ့ရတာကြောင့် အလောင်းကို ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ရဲဆေးစာနဲ့ ပို့ဆောင် စစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ စက်တင်ဘာလ ၂၈ ရက် ည ၁၀ နာရီခန့်မှာ ဇိုင်း/မြောက်ရပ်ကွက်၊ ကမ်းနားလမ်းပန်းခြံဘက်ရှိ ပဲခူးမြစ်ကူးတံတားအောက် အဆင်းလမ်းကြားမှာ မဇင်မျိုးစံ (ခ) သဲသဲ နဲ့ ပြည့်စုံ (ခ) ဆံရှည် တို့ စကားများ ရန်ဖြစ်ခဲ့ပြီး ထိုသို့ ရန်ဖြစ်စဉ် ပြည့်စုံ (ခ) ဆံရှည်က ခါးကြားမှာ ထိုးထားတဲ့ ဝက်အူလှည့်နဲ့ ထိုးခဲ့တာကြောင့် မဇင်မျိုးစံ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၃ ရက် ညနေပိုင်းမှာ ဥဿာမြို့သစ် (၂) ရပ်ကွက်၊ မဟာမြိုင်လမ်းမပေါ်မှာ တရားခံ ပြည့်စုံ (ခ) ဆံရှည် အား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ လက်ရှိမှာ တရားခံ ပြည့်စုံ (ခ) ဆံရှည်အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
