
MT News
၄. ၁၀. ၂၀၂၆
ယခင်ကကဲ့သို့ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ပြန်လည်ဖြန့်ဖြူးမှုကို မနက်ဖြန် ပြန်လည်စတင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်အား ယနေ့ညတွင် အသိပေးကြေညာသည်။
ယခုအခါ မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကာလကုန်ဆုံး၍ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထို့အပြင် ပြင်းထန်အယ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်မှုများကြောင့် နိုင်ငံအတွင်း အပူချိန်သိသာစွာမြင့်မားလာပြီး ဓာတ်အားသုံးစွဲမှုများ မြင့်တက်ကာ ဓာတ်အားလိုအပ်ချက် တိုးတက် မြင့်မားလျက်ရှိသည်။
ယခုနှစ် နွေရာသီတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင်တမံများတွင် ရေခန်းခြောက်မှုပိုမိုနိုင်ကြောင်းမျှော်မှန်း၍ လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ တမံများ၏ ရေသိုလှောင်ထားမှုပမာဏအား ထိန်းညှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသွားရန် စီမံထားရှိပြီး ဖြစ်သည်။
ထို့အပြင် ယခုနှစ်နွေရာသီအမီ ဆိုလာစီမံကိန်းအသစ်များ၊ ရေအားလျှပ်စစ်စီမံကိန်းအသစ်များ အပါအဝင် ဓာတ်အားထပ်မံထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ဖျက်ဆီးခံထားရသည့် ဓာတ်အား ပေးစနစ်များ ပြန်လည်ကောင်းမွန်လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြင်းထန်အယ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် အပူချိန်မြင့်မား၍ ဓာတ်အား လိုအပ်ချက် မြင့်မားလာသည့်အချိန်တွင် ဓာတ်အားထုတ်လုပ်မှုနှင့်သုံးစွဲမှု အချိုးညီမှုမရှိပါက ဓာတ်အားစနစ်အတွင်းရှိ ဓာတ်အားထုတ်စက်များ ရုတ်တရက်ရပ်တန့်ခြင်း၊ မဟာဓာတ်အားလိုင်းများ အပြစ်ဖြစ်ပေါ်၍ တစ်နိုင်ငံလုံး ဓာတ်အားစနစ်ပြတ်တောက်ခြင်း (System Breakdown) စသည်တို့ ဖြစ်ပေါ်စေနိုင်သည်။
သို့ဖြစ်ရာ ယခုကာလတွင် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်အညီ သုံးစွဲမှုကို အချိုးညီစေရေးအတွက် ဝန်အားထိန်းညှိဖြန့်ဖြူးမှုကို မလွဲမရှောင်သာ အနည်းဆုံးပမာဏဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား အလှည့်ကျစနစ်ဖြင့် ဝန်အားထိန်းညှိ၍ ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်ကို အောက်တိုဘာ ၅ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
