




၄.၁၀.၂၀၂၆
Written by Linn Eain
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် နေရပ်ပြန်လည်ခေါ်ဆောင်ခဲ့ရာ စက်တင်ဘာ ၄ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်မြို သန်လျင်မြိုနယ်ရှိ အမှတ်(၃) ဆိပ်ခံတံတား (သီလဝါ)သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို လာရောက်ကြိုဆိုကြသည့် မိဘဆွေမျိုးသားချင်းများလည်း နံနက် ၅ နာရီခန့်ကတည်းက သီလဝါဆိပ်ကမ်းရှိ ရေတပ်စခန်းဌာနချုပ်ရှေ့တွင် လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
တပ်မတော်ရေယာဉ်သုံးစီးဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ပြီး တပ်မတော်ရေယာဉ် မုတ္တမတွင် မြန်မာနိုင်ငံသား ၁,၁၃၂ ဦးနှင့် သံလွင်တွင် ၃၄၄ ဦး၊ စုစုပေါင်း ၁,၄၇၆ ဦး လိုက်ပါခဲ့ကာ ယင်းတို့အနက် အမျိုးသား ၁,၃၉၀ ဦးနှင့် အမျိုးသမီး ၈၆ ဦး ပါဝင်ကြောင်း သိရသည်။





ထို့နောက် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို YBS ယာဉ်များ၊ အဝေးပြေးသယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် နံနက် ၈ နာရီခွဲတွင် သီလဝါဆိပ်ကမ်းမှ စတင်သယ်ဆောင်ကာ သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို နေရပ်ပြန်လည်ခေါ်ဆောင်ရန် တပ်မတော်ရေယာဉ် သုံးစီးသည် စက်တင်ဘာ ၂၈ ရက် မလေးရှားစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် မလေးရှားနိုင်ငံ Lumut Naval Base သို့ ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သိရသည်။
