




နေမိုး
၄. ၁၀. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က နယ်မြေလုထိန်းချုပ်ထားသော ရသေ့တောင်မြို့နယ်ကို ဗုံးအလုံး ၂၀ ခန့် ကြဲချသော်လည်း နှစ်ဦးသာသေသည်ဟု AA က အတည်ပြုထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးဖြင့် ရခိုင်နှင့် ရှမ်းပြည်နယ်က မြို့များ တိုက်ခိုက်ဖျက်ဆီးသိမ်းယူထားသည့် AA ၊ TNLA နှင့် MNDAA တို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ထိုသို့သော အကြမ်းဖက်အဖွဲ့များကို ချေမှုန်းတော့မည်ဖြစ်၍ အကြမ်းဖက်များအကြား ပြည်သူများမနေရန် တပ်မတော်က ကမ္ဘာသိ ကြေညာခဲ့သလို တစ်နိုင်ငံလုံးပြန့်နေသည့် လက်နက်ကိုင်များ ထိန်းချုပ်ရာနယ်မြေများကို အလှည့်ကျထိုးစစ်ဆင်တိုက်ယူရာ မြို့ပေါင်း ၂၂ မြို့အထိ သိမ်းအပြီး လက်ရှိအချိန်တွင် AA ထိန်းချုပ်ရာဒေသများမှာ တပ်မတော်၏ တန်ပြန် ထိုးစစ်ဆင်မှု ခံနေရသည်။
ထိုသို့ ထိုးစစ်ဆင်နေရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃) ရက် နံနက် (၁) နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ မြို့ပေါ် ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးကျေးရွာနှင့် ပြင်ခေါင်ကျေးရွာတို့အား Y-12 လေယာဉ်တစ်စီးဖြင့် နာရီဝက်ခန့်ကြာ လှည့်ပတ်ပြီး ဗုံးအလုံးရေ (၂၀) ခန့် ကြဲချကာ တိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း လူနှစ်ဦး သေဆုံးမှုအပြင် (၁၀) ဦးမှာလည်း ဗုံးစများထိမှန်ပြီး ဒဏ်ရာအသီးသီး ရရှိခဲ့ကာ အဆောက်အအုံအချို့ ပျက်စီးခဲ့သည်ဟု AA က ဆိုသည်။
AA သည် ရခိုင်နယ်မြေများ လုယက်ထိန်းချုပ်ပြီးနောက် လူငယ်များကို ပြန်ပေးဆွဲကာ စစ်မှုထမ်းခိုင်းနေသဖြင့် ရခိုင်ပြည်သူအများစုသည် AA ၏ ဘေးလွတ်ရာ ပြည်ပနိုင်ငံများနှင့် နယ်မြေ အေးငြိမ်းရာ အစိုးရအာဏာစက်အောက် ပြေးဝင်ခိုလှုံလာချိန် ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ရာနေရာများသည် AA လက်နက်ကိုင်များနှင့် မိသားစုဝင်များသာ အများစု နေထိုင်နေကြသလို AA သည်လည်း ဗုံးကြဲခံရချိန်တိုင်း ရခိုင်အကြမ်းဖက် လက်နက်ကိုင်များ သေဆုံးမှု ထိမ်ချန်ထားကာ သေသူများမှာ ပြည်သူဟုသာ လိမ်လည်ထုတ်ပြန်လေ့ရှိသဖြင့် ယခုသေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရသူ ၁၀ ဦးမှာ AA လက်နက်ကိုင်များနှင့် မိသားစုဝင်များ ဟုတ်မဟုတ် မြေပြင်အတည်မပြုနိုင်ဘဲ AA ထုတ်ပြန်သည့် သတင်းကိုသာ ဖော်ပြပေးခြင်းဖြစ်သည်။
