◾ အွန်လိုင်းတွင်သာနိုင်နေသည်အော်နေပြီး အဓမ္မပေါ်တာဆွဲကာ လူသစ်စုနေမှုများ ကိုယ့်လူမျိုးကို ကိုယ် သတ်နေသလားဟုပါ ရခိုင်ဒေသခံများ မေးခွန်းထုတ်
၄. ၁၀. ၂၀၂၆
Written By Shalom
တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းခြင်းကို ခံနေရသော AA သူပုန် အဖွဲ့ အနေဖြင့် သူပုန်အရေ အတွက် ကျဆင်းလာသောကြောင့် ကလေးသူငယ်များ၊ အသက်အရွယ် ကြီးရင့်သူ၊ မသန်စွမ်းသူနှင့်၊ ကျန်းမာရေးမကောင်းသူများကို ပါ ပေါ်တာဆွဲ၍ အတင်းအဓမ္မ စုဆောင်းခေါ်ဆောင်နေကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ ဆီမှာက ယောင်္ကျားတွေ မရှိတော့ဘူး။ အသက် ၆၀ ကျော် အဘိုးကြီးတွေလောက်ပဲ ကျန်တော့တယ်။ ကျန်းမာရေးမကောင်းပါဘူးလို့ ပြောလည်းပဲ မလွတ်ပါဘူး။ အသက် ၅၀ ကျော် နေတဲ့သူတွေကိုလည်း ခေါ်တယ်။ ရွာမှာက လူ ပေါင်း ၅၀ က နေ ၁၀၀ ကြား သူတို့ (AA) ခေါ်ရာ နောက်ကို ပါသွားကြရပြီ။ အခုအခြေအနေက တော်တော် ဆိုးနေပါတယ်။ တပ်ကလည်း ဗုံးချနေတာ ဆိုတော့ သူတို့လူတွေ မရှိကြတော့တာလား မသိဘူး။ အခုတော့ သူတို့ (AA) က လူတွေကို လာခေါ်တာ ကြမ်းနေပါတယ်”ဟု ရခိုင်စစ်ရှောင်တစ်ဦးက MT News ကို ပြောသည်။
တပ်မတော်အနေဖြင့် စက်တင်ဘာလ (၂၈) ရက် နေ့လယ် (၁၂) နာရီကျော်အချိန်ခန့်က AA သူပုန် စခန်းချနေရာများ ဖြစ်သည့် ကျောက်တော်မြို့၊ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီ တံတားအနီးသို့ လေကြောင်း ဗုံးကြဲ ရှင်းလင်းခဲ့ပြီးနောက် စက်တင်ဘာလ (၃၀) ရက်ည (၉) နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာအကြား တစ်နေရာ၊ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာ အနီးဝန်းကျင် တစ်နေရာ၊ ပေါက်တောမြို့ပေါ်အပါအဝင် ဒါးကိုင်နှင့် ကြိမ်ခွေမော်ရွာတောင်ကြားလမ်း တစ်နေရာတို့ကိုလည်း ဗုံးကြဲ၍ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် အောက်တိုဘာလ (၁) ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် အချိန်ကလည်း AA သူပုန်တို့ ခိုလှုံရာ ကျောက်တော် သစ်တစ်ပုံဆည်အနီးဝန်းကျင်နှင့် သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်း ကျင်တစ်နေရာ၊ သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဗောဓိကုန်းဈေးအနီး တစ်နေရာတို့ကို လေကြောင်းဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ တူလေး တစ်ယောက်ဆိုရင် အသက် မပြည့်သေး၊ ဆယ်နှစ်ကျော်ပဲ ရှိသေးတယ်။ အဲဒီ ကောင်လေးကိုလည်း အတင်းခေါ်သွားတယ်။ ကျွန်တော့် ညီ ဝမ်းကွဲက ခြေတစ်ဖက် မသန်ဘူး။ ဒါပေမဲ့ သူတို့ (AA) ခေါ်သွားတယ်။ကျွန်တော့် သူငယ်ချင်းရဲ့ သားလေးကတော့ အသက် ၂၀ ကျော်ပါပြီ။ သူက မွေးရာပါ ရင်ကျပ် ဝေဒနာရှင်ပေါ့။ သူ့ကိုလည်း ခေါ်သွားတယ်။လူတိုင်းက စိတ်ဆင်းရဲနေကြရတယ်။ ဒီလို လုပ်ရပ်အပေါ်မှာ AA ကို ဘာပြောချင်လဲလို့ ကျွန်တော့်ကို မေးတဲ့အတွက် ကျွန်တော် ပြန်ဖြေချင်ပါတယ်။ AA က ရခိုင်ပြည်သူတွေကို ကောင်းစားအောင် လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါဆိုရင် အခုလို အဓမ္မ ခေါ်ယူနေတာက ကိုယ့်လူမျိုးကို ကိုယ် သတ်နေကြတာလားလို့ ပဲ မေးချင်ပါတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက MT News ၏ တိုက်ရိုက် မေးမြန်းချက်အပေါ် ဖြေကြားခဲ့သည်။
ထို့ပြင် ကျောက်တော်မြို့တွင် လေကြောင်းမှ ရှင်းလင်းခံရခြင်းနှင့်ပတ်သက်၍ တပ်မတော် အနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို ဆက်တိုက် ဗုံးကြဲနေကြောင်း AA သူပုန်အဖွဲ့ ၏ ထုတ်ပြန်ချက်များကို ကိုးကား၍ AA ဘက်လိုက်မီဒီယာများက တပ်မတော်အနေဖြင့် အရပ်သားများကို ဗုံးကြဲကြောင်း ရေးသားဖော်ပြနေကြသည်မှာ မမျှတကြောင်း ဆောင်းပါးရှင်တစ်ဦးက MT News ကို ပြောသည်။
“ဗုံးကြဲလိုက်လို့ AA က ထိခိုက်သူတွေ များသွားတဲ့ အခါကြတော့ စစ်ရေးပစ်မှတ် မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါဆိုရင် ပြီးခဲ့တဲ့ နှစ်တွေက မွေးကင်းစ ကလေးကနေ အသက် ၉၀ ကျော် အရွယ်ထိ တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ ကမ်းထိုးရေယာဉ်ကို ကျောက်တော် ကစ္ဆပနဒီတံတားနားကစောင့်ပြီး လက်နက်ကြီးနဲ့ ပစ်ခွင်း နှစ်မြုပ်ပစ်တာကြတော့ရော ဘယ်လို ပြောချင်သလဲလို့ ကျွန်တော် မေးချင်ပါတယ်။ လူမျိုးရေး ပြဿနာတွေ မဖြစ်ရအောင်လို့ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်း ပြောကြတာပါ။ မီဒီယာတွေကလည်း AA ဘက်က ဘက်လိုက်ပြီးရေးနေကြတာတွေကို လျှော့သင့်တယ်။ တပ်မတော်ဘက်က အဲလို ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုကြတော့ ရေးပြတာမျိုး မလုပ်ကြဘူး။AA ဘက်က ထုတ်ပြန်တာကိုကြတော့ မှားနေလည်း ထုတ်ပြန်ကြတယ်။ ဒါကတော့ မမျှတဘူးပေါ့”ဟု ယင်းက ဆိုသည်။
ရခိုင်ပြည်သူများ၏ သတင်းပေးမှုအရပင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများအတွင်း ရခိုင်သူပုန်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ကိုယ်တိုင် ထိခိုက်ဒဏ်ရာရရှိထားသလို သေဆုံးသည်ဟု သတင်းများ ထွက်ခဲ့ပြီးနောက် လူမြင်ကွင်းမှ ထွန်းမြတ်နိုင်ပျောက်နေသည်မှာလည်း ရက်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်သည်။
