◾ အမှုမှန်ကိုသက်ဆိုင်ရာက ဖော်ထုတ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်နေကြ
၃. ၁၀. ၂၀၂၆
Written By Min Thet
အလောင်းကို ရေဝေးသုသာန်မှ ဆေးရုံသို့ ပြန်သယ် စစ်ဆေးခဲ့ရသည့် အမျိုးသမီးငယ်သေဆုံးသည့် ဖြစ်စဉ်တွင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများကိုထပ်တွေ့ရသဖြင့် ဝိုင်းဝန်းသတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု မိသားစုက သံသယ ဝင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ ခင်ပွန်းဖြစ်သူအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂(က) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးရာ သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုထားကြောင်းလည်း သိရသည်။





သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် မဘီဇော်လီ ဖြစ်ပြီး၊ လည်ပင်းတွင် သံသယဖြစ်ဖွယ် ဒဏ်ရာများ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ရေဝေးသုသာန်သို့ ပို့ဆောင်ပြီးမှ ဒဏ်ရာများမှာ သံသယဖြစ်ဖွယ် ဖြစ်နေသောကြောင့် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ရုပ်အလောင်းကို ဆေးရုံသို့ ပြန်လည်သယ်ဆောင်ကာ အသေးစိတ် ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူ မဘီဇော်လီ၏ ခင်ပွန်းဖြစ်သူ မောင်မြင့်အေးကို စက်တင်ဘာလ ၁၄ ရက်တွင် ရဲတပ်ဖွဲ့က သံသယရှိသူအဖြစ် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ) ၂၃၅ / ရာဇသတ်ကြီး ပုဒ်မ ၃၀၂(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးမေးမြန်းချက်များအရ ၎င်းကိုယ်တိုင် ဇနီးဖြစ်သူ၏ လည်ပင်းကို ညှစ်သတ်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသော လူသတ်မှုကျူးလွန်သည်ဟု ထွက်ဆိုထားသော သေဆုံးသူ၏ ခင်ပွန်း မောင်မြင့်အေးကို လာမည့် အောက်တိုဘာလ ၁၂ ရက်တွင် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း လည်း စုံစမ်းသိရှိရသည်။
သေဆုံးသူ မဘီဇော်လီ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်တွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သင်္ဂြိုဟ်ရာတွင် ဟိန္ဒူဘာသာရေး ဓလေ့ထုံးစံအရ မီးသင်္ဂြိုဟ်ရမည် ဖြစ်သော်လည်း ဥပဒေအရ အမှုမှန် ပေါ်ပေါက်စေရန်နှင့် လိုအပ်ပါက ထပ်မံဖော်ထုတ် စစ်ဆေးနိုင်ရန်အတွက် မီးမရှို့ဘဲ မြေမြှုပ်သင်္ဂြိုဟ်ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် ပြင်ဆင်စဉ်အတွင်း ရေချိုးပေးခဲ့သည့် ၎င်း၏အမဖြစ်သူနှင့် မိသားစုဝင်များ၏ ပြောကြားချက်အရ သေဆုံးသူ မဘီဇော်လီ၏ ရုပ်အလောင်းတွင် ဒဏ်ရာဒဏ်ချက် အများအပြား ထပ်မံ တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ကောင်မလေးရဲ့ နံရိုးနှစ်ဖက်နဲ့ ကျောဘက်တွေမှာ ရိုက်နှက်၊ ကန်ကျောက်ခံထားရတယ်လို့ ယူဆရတဲ့ ညိုမည်းစွဲနေတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ ညာဘက်နံရိုးက ငေါပြီး ထွက်နေတယ်။ လက်ချောင်းတွေက အစ ကျိုးနေပြီး ညာလက်က ပြုတ်နေသလို ဒူးဆစ်တွေ၊ အရွတ်တွေလည်း လည်နေတာ တွေ့ရတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ ရုပ်အလောင်းတွင် တွေ့ရှိရသည့် ပြင်းထန်ဒဏ်ရာများကြောင့် ဤဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ တစ်ဦးတည်း၏ လက်ချက်မဟုတ်ဘဲ လူတစ်ဦးထက်မနည်းက ဝိုင်းဝန်းထိုးကြိတ် နှိပ်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မိသားစုနှင့် ပတ်ဝန်းကျင်က ယူဆနေကြသည်။
ထို့ကြောင့် သေဆုံးသူ မဘီဇော်လီအတွက် ထိုက်သင့်သော တရားမျှတမှု ရရှိစေရန်နှင့် ပြစ်ဒဏ် ခံရစေရန်အတွက် ဤလူသတ်မှုတွင် ပတ်သက်ဆက်နွှယ်နေသူ အားလုံးကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် ဖမ်းဆီးပေးစေလိုကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက လိုလားနေကြသည်။
သေဆုံးသူ မဘီဇော်လီမှာ ၎င်း၏ ခင်ပွန်း မောင်မြင့်အေးနှင့်အတူ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်တူတူ လုပ်ကိုင်သူ ဖြစ်ပြီး မသေဆုံးမီ ရက်ပိုင်းက အလုပ်ထဲတွင် နှစ်ကြိမ်၊ သုံးကြိမ်ထက်မနည်း အော့အန်ခဲ့သဖြင့် ကိုယ်ဝန်ရှိနေသည်ဟု ပတ်ဝန်းကျင်က ယူဆထားကြကြောင်း သိရသည်။
အလုပ်ခွင်တွင် အော့အန်နေသောကြောင့် စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၃ နာရီခန့်အချိန်တွင် အလုပ်ရှင်ဖြစ်သူက မဘီဇော်လီအား ကိုယ်လက်သန့်ရှင်းရေးလုပ်ရန်နှင့် ဆေးခန်းပြသရန်အတွက် အိမ်သို့ စောစောပြန်ခိုင်းခဲ့ပြီး “နင်တို့ လင်မယားနှစ်ယောက် သားရတနာ ရပြီ” ဟုပင် စနောက် ပြောဆိုလိုက်သေးကြောင်း အဆိုပါ သတင်းကို ကြားသိရသူများက MT News ကို ပြောပြခဲ့ကြသည်။
လက်ရှိတွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းအနေဖြင့် ကျူးလွန်သူ မောင်မြင့်အေးကို ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
မိသားစုဝင်များ အနေဖြင့် လူသတ်မှုတွင် အခြားပတ် သက် ဆက်နွှယ်သူများ ရှိ၊ မရှိကိုလည်း ရဲတပ်ဖွဲ့အနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးပေးစေလိုကြောင်း MT News ကို ပြောပြခဲ့သည်။
