သက်တံ့
၃ . ၁၀. ၂၀၂၆
ပါကစ္စတန်နိုင်ငံ၊ ပန်ဂျာဘ် (Punjab) ပြည်နယ်ရှိ နယ်စပ်အနီးတွင် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) က ပါကစ္စတန်နိုင်ငံသား နှစ်ဦးကို အိန္ဒိယနယ်ခြားစောင့်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပါကစ္စတန်နှင့် အိန္ဒိယ မီဒီယာများက ဖော်ပြခဲ့ကြသည်။ အငြင်းပွားဖွယ် ကက်ရှ်မီးယား (Kashmir) ဒေသတွင် စစ်ပွဲဖြစ်ပွားခါနီးအခြေအနေမှ နှစ်နိုင်ငံစလုံး ပြန်လည်ဆုတ်ခွာခဲ့ပြီး တစ်နှစ်ခွဲအကြာတွင် ယခုဖြစ်စဉ်ကြောင့် အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
ပါကစ္စတန် လုံခြုံရေးသတင်းရင်းမြစ်များကို ကိုးကား၍ ပါကစ္စတန်ရုပ်မြင်သံကြား (PTV) က ဖော်ပြရာတွင် ပါကစ္စတန်အရှေ့ပိုင်း ကာဆူးရ် (Kasur) ခရိုင်မှ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် အရပ်သား သုံးဦးသည် နယ်စပ်မှတ်တိုင်ကို ကျော်လွန်၍ ခြေလှမ်းအနည်းငယ် လမ်းလျှောက်မိစဉ် အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ (BSF) က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါပစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး တတိယမြောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နယူးဒေလီ (အိန္ဒိယအစိုးရ) ဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း အိန္ဒိယ မီဒီယာများတွင်မူ အဆိုပါအမျိုးသားများသည် အိန္ဒိယနိုင်ငံအတွင်းသို့ ခိုးဝင်ရန် ကြိုးပမ်းသည်ဟု သံသယရှိရကြောင်း မတူညီသည့် သတင်းဖော်ပြချက်များကို ထုတ်လွှင့်ခဲ့ကြသည်။
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အစွန်းရောက်အဖွဲ့ဖြစ်သည့် Lashkar-e-Taiba ၏ ထိပ်တန်းတပ်မှူးတစ်ဦးကို သုတ်သင်နိုင်ခဲ့သည်ဆိုသော အိန္ဒိယ၏ ပြောကြားချက်ကို ပါကစ္စတန်စစ်တပ်က ငြင်းဆိုခဲ့သလို အိန္ဒိယဘက်က သေဆုံးသွားပြီဟု မှားယွင်းစွပ်စွဲထားသည့် အမျိုးသားကို သတင်းစာရှင်းလင်းပွဲတွင် ပွဲထုတ်ပြခဲ့ပြီး တစ်ရက်အကြာတွင် ယခု ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း စစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ဖူးပြီး နှစ်ကြိမ်မှာ ကက်ရှ်မီးယားဒေသကြောင့် ဖြစ်သည်။ နျူကလီးယားလက်နက်ကိုင် အိမ်နီးချင်းနှစ်နိုင်ငံလုံးက ဟိမဝန္တာဒေသရှိ အငြင်းပွားဖွယ် ကက်ရှ်မီးယားနယ်မြေတစ်ခုလုံးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အသီးသီး ကြွေးကြော်ထားကြသည်။
၂၀၂၅ ခုနှစ် ဧပြီလအတွင်းကလည်း အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ၌ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် ခရီးသွား ၂၆ ဦး သေဆုံးခဲ့ရပြီး ယင်းဖြစ်စဉ်အတွက် အိန္ဒိယက အစ္စလာမာဘတ် (ပါကစ္စတန်) ကို ပြစ်တင်ဝေဖန်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုမှတစ်ဆင့် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများအထိ သီတင်းပတ်ပေါင်းများစွာ ပဋိပက္ခများ ကူးစက်မြင့်တက်ခဲ့ကာ ဆယ်စုနှစ်များစွာအတွင်း အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား အပြင်းထန်ဆုံး စစ်ရေးထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သည့် နှစ်များအတွင်း အငြင်းပွားဖွယ် ကက်ရှ်မီးယားနယ်စပ်တစ်လျှောက် နှစ်ဖက်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ပန်ဂျာဘ်ပြည်နယ်ရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ်မှာမူ ယခုဖြစ်စဉ်မှအပ အဓိကအားဖြင့် ငြိမ်းချမ်းလျက်ရှိခဲ့သည်။
Ref: AP
