သက်တံ့
၃-၁၀-၂၀၂၆
ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်နေမှုကို ထိန်းချုပ်ရန် စက်မှုထိပ်သီး G7 အဖွဲ့ဝင်နိုင်ငံများသည် ဒီဇယ်နှင့် ရေနံစိမ်း အရန်ဆီ စည်ပေါင်း သန်းပေါင်းများစွာကို ထုတ်ရောင်းပေးရန် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) တွင် သဘောတူညီခဲ့ကြသည်။
ပြင်သစ်သမ္မတ အီမန်နူအယ်လ် မက်ခရွန် (Emmanuel Macron) ဦးဆောင်ကျင်းပသည့် G7 ခေါင်းဆောင်များ၏ ဗီဒီယိုညီလာခံအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က “ဥရောပနိုင်ငံတွေအနေနဲ့ သူတို့ သိုလှောင်ထားတဲ့ ဒီဇယ်ဆီ ပမာဏမြောက်မြားစွာကို ထုတ်ရောင်းပေးဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ချက်ချင်း စတင်ပါတော့မယ်” ဟု Truth Social လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့ အီရန်အား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ဇူလိုင်လအတွင်း ရုရှား-ယူကရိန်း စစ်ပွဲ ပိုမိုပြင်းထန်လာပြီးနောက် ဒီဇယ်ဆီဈေးနှုန်းမှာ သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အမေရိကန်တွင် ဒီဇယ်ဆီ ပျှမ်းမျှဈေးနှုန်းမှာ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်ဂါလန်လျှင် ၆ ဒသမ ၃၇ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။
လာမည့် ၄ လတာကာလအတွင်း ဒီဇယ်နှင့် ရေနံစိမ်း စည်ပေါင်း သန်း ၁၀၀ အထိ ထုတ်ရောင်းပေးသွားမည်ဖြစ်ပြီး ပထမရက်ပေါင်း ၂၀ အတွင်း ဒီဇယ်ဆီ ပမာဏအမြောက်အမြားကို စတင်ထုတ်ရောင်းပေးမည်ဟု G7 က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံများရှိ ရေနံချက်စက်ရုံများ တစ်ပြိုင်နက်တည်း ပိတ်သိမ်းရမှုမျိုး မဖြစ်စေရန်နှင့် လိုအပ်ပါက ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်နိုင်ရန်အတွက် စက်ရုံများ၏ ပြုပြင်ထိန်းသိမ်းရေး အချိန်ဇယားများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ လက်ရှိတွင် အမေရိကန်နှင့် ဥရောပရှိ ရေနံချက်စက်ရုံ အများအပြားမှာ အပြည့်အဝ လည်ပတ်နေကြပြီး ဖြစ်သည်။
“မိဘပြည်သူတွေရဲ့ စွမ်းအင်ဈေးနှုန်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေးဖြစ်ပါတယ်” ဟု G7 အဖွဲ့က ထုတ်ပြန်ထားသည်။
Lipow Oil Associates ၏ ဥက္ကဋ္ဌ၊ ရေနံဆိုင်ရာ လေ့လာသုံးသပ်သူ အန်ဒီ လီပေါဝ် (Andy Lipow) က ယခုလို ၄ လအတွင်း ဒီဇယ်ဆီ စည်ပေါင်း သန်း ၁၀၀ ထုတ်ရောင်းပေးခြင်းသည် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှား၏ ရေနံချက်လုပ်မှုစွမ်းရည် ကျဆင်းကာ ပိတ်ပင်ခံထားရသည့် ရုရှား၏ ပို့ကုန်ပမာဏကို အစားထိုးပေးနိုင်မည်ဟု သုံးသပ်ခဲ့သည်။ သို့သော် ယခုပမာဏသည် ဒီဇယ်ဈေးနှုန်းကို တစ်ဂါလန်လျှင် ၂၅ ဆင့်ခန့် ယာယီကျဆင်းသွားစေနိုင်သော်လည်း ရေနံချက်စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်စေရန်အတွက်မူ များစွာ အထောက်အကူမပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင်နိုင်ငံများသည် ရေနံစိမ်း စည်သန်း ၄၀၀ ထုတ်ရောင်းရန် အတည်ပြုခဲ့ကြသဖြင့် စွမ်းအင်ပြတ်လပ်မှုကို ခေတ္တသက်သာစေခဲ့သော်လည်း စက်သုံးဆီဈေးနှုန်းမှာမူ ဆက်လက်မြင့်တက်ခဲ့သည်။ အီရန်စစ်ပွဲ စတင်ခဲ့ချိန်မှစ၍ ရေနံဈေးနှုန်းများမှာ မြင့်တက်လျက်ရှိရာ ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၁၀၂ ဒသမ ၂၅ ဒေါ်လာအထိ ရှိနေပြီး နှစ်စမှစ၍ ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယခု G7 နိုင်ငံများ၏ သဘောတူညီချက်သည် လာမည့် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်စ်ဆန့် (Scott Bessent) အပါအဝင် ထရမ့်ပ်အစိုးရအဖွဲ့က ဥရောပမဟာမိတ်များ (အထူးသဖြင့် ဂျာမနီနှင့် ပြင်သစ်) အပေါ် တစ်ပတ်ကြာ ဖိအားပေး ဆောက်ရွက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ထရမ့်ပ်သည် အမေရိကန်မှ ဒီဇယ်ဆီ ပြည်ပသို့ တင်ပို့မှု ပိတ်ပင်ရေးကို စစဉ်းစားနေသဖြင့် ဥရောပသမဂ္ဂ (EU) နှင့် ဗြိတိန်တို့၏ စိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။ သို့သော် G7 စိစစ်ဆွေးနွေးမှုအပြီးတွင် EU ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါ လေယန် (Ursula von der Leyen) က မဟာမိတ်နိုင်ငံများအပေါ် ဒီဇယ်ဆီ ပို့ကုန်ပိတ်ပင်မှု မပြုလုပ်ရန် G7 ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
Ref: NBC
