သက်တံ့
၃ . ၁၀. ၂၀၂၆
ကင်ညာနိုင်ငံ၊ မွန်ဘာဆာ (Mombasa) ကမ်းရိုးတန်းမြို့သို့ သွားသည့် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်အများအပြား တိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။
သေဆုံးသူ အများစုမှာ ဝတ်ပြုဆုတောင်းပွဲသို့ သွားရောက်ကြသည့် ကက်သလစ်ဘာသာဝင်များ ဖြစ်ကြသည်။
စလာမာ (Salama) ဒေသတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်သည် အောက်တိုဘာ ၃ ရက်ကူးစ သန်းခေါင်ယံကျော်အချိန်၌ ကုန်ကားမောင်းသူတစ်ဦးက အခြားကုန်ကားတစ်စီးကို ကျော်တက်ရန် ကြိုးပမ်းရာမှ မအောင်မြင်ဘဲ လမ်းကြောင်းလွဲသွားခဲ့ပြီး ဝတ်ပြုသူများ တင်ဆောင်လာသည့် ဗန်ကားတစ်စီး အပါအဝင် အခြားယာဉ်များကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဗန်ကားပေါ်ပါရှိသည့် ယာဉ်မောင်းနှင့် ခရီးသည် အနည်းဆုံး ၁၆ ဦး (အများစုမှာ အမျိုးသမီးများဖြစ်သည်) တို့သည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါ ဝတ်ပြုသူများသည် ကင်ညာမြို့တော် နိုင်ရိုဘီ၏ အနောက်ဘက်ရှိ နာကူရူ (Nakuru) ခရိုင်တွင်ရှိသော ဝတ်ပြုဆုတောင်းရာနေရာသို့ သွားရောက်ကြခြင်းဖြစ်ကြောင်း မွန်ဘာဆာ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် မာတင်ကီဗူဗာ (Martin Kivuva) က ပြောကြားခဲ့သည်။ ဗန်ကားပေါ်တွင် ကက်သလစ်ဘာသာဝင် မည်မျှပါဝင်သည်နှင့် အသက်ရှင်ကျန်ရစ်သူ ရှိ၊ မရှိကိုမူ တိတိကျကျ မသိရသေးပေ။
ဂိုဏ်းချုပ်ဆရာတော် မာတင်ကီဗူဗာက ယခုလို လူအများ သေဆုံးရမှုအတွက် မိမိနှင့်တကွ အခြားသူများပါ “အလွန်အမင်း ဝမ်းနည်းကြေကွဲရပါကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး “သေဆုံးသူတွေရဲ့ ဝိညာဉ်ရေးရာ အေးငြိမ်းဖို့နဲ့ သူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် ဆုတောင်းပေးကြပါစို့” ဟု မိန့်ကြားခဲ့သည်။
ယာဉ်မတော်တဆမှုများသည် အာဖရိကတစ်ဝန်းတွင် ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းဖြစ်စဉ်များသည် မော်တော်ယာဉ်များကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်းနှင့် လမ်းအခြေအနေ ဆိုးရွားခြင်းတို့ကြောင့် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref: AP & Star
