သက်တံ့
၃-၁၀-၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K YA) ၏ တပ်မှူးနေအိမ်နှင့် စခန်းများ ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၃ ရက် နံနက်အစောပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ လန်ခို (Langkho) ကျေးရွာရှိ NSCN-K (YA) တပ်မှူး အခမ် ကွန်ယက် (Akham Konyak) ၏ နေအိမ်အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။
အစောပိုင်း သတင်းများတွင် အိန္ဒိယတပ်မတော်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် တပ်မှူး အခမ် ကွန်ယက် သေဆုံးသွားခဲ့ကြောင်း ဖော်ပြခဲ့ကြသော်လည်း ဒေသတွင်း သတင်းရင်းမြစ်များကမူ NSCN တပ်ဖွဲ့ဝင် တစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟု ငြင်းဆိုထားသည်။
ယင်းတိုက်ခိုက်မှုသည် စက်တင်ဘာလ ၂၉ ရက်က အာရုဏာချယ် ပရာဒေးရှ်ပြည်နယ်၊ ချန်လန်း (Changlang) ခရိုင်၊ နမ်ပေါင် (Nampong) မြို့အနီး အာသံရိုင်ဖယ် (Assam Rifles) ကင်းလှည့်တပ်ဖွဲ့ တိုက်ခိုက်ခံရအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အာသံရိုင်ဖယ် (Assam Rifles) ကင်းလှည့်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ဂျန်ခိုခိုင် ကူကီ သေဆုံးကာ တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းတိုက်ခိုက်မှုကို NSCN/GPRN (YA) နှင့် RPF (Revolutionary People’s Front) တို့က ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်များမတိုင်မီ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ NSCN-K (YA) စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး သောင်းကျန်းသူ ၅ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးအေဂျင်စီများက ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် ဒဏ်ရာရရှိကာ လွတ်မြောက်သွားသည့် NSCN-K (YA) ခေါင်းဆောင်တစ်ဦး၏ သက်တော်စောင့် ၃ ဦး ပါဝင်ပြီး အဆိုပါ ခေါင်းဆောင်မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒရုန်းစစ်ဆင်ရေးတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို အာဏာပိုင်များက အတည်ပြုရန် ငြင်းဆိုခဲ့သော်လည်း စစ်ဆင်ရေးတစ်ခုလုံးသည် ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်ထားမှုနှင့် တိကျပြတ်သားမှုရှိသဖြင့် အဆင့်မြင့် ထောက်လှမ်းရေးနှင့် နည်းပညာသုံး စေတီစနစ်များကို အသုံးပြုထားကြောင်း ဝန်ခံထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ နာဂလက်နက်ကိုင် NSCN-K (YA) နှင့် အာသံလက်နက်ကိုင် ULFA-I စခန်းများသည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တောအုပ်ထူထပ်သော ချန်လန်းခရိုင်ကို အခြေပြု၍ အိန္ဒိယတပ်ဖွဲ့များကို ပူးတွဲတိုက်ခိုက်လေ့ရှိသဖြင့် ထိုသို့တိုက်ခိုက်မှုများအပေါ် တုံ့ပြန်တိုက်ခိုက်မှုအဖြစ် ယခင်ကလည်း စစ်ကိုင်းတိုင်းအစွန်ရှိ NSCN-K (YA) နှင့် ULFA-I စခန်းများ ဒရုန်းဖြင့် ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
Ref: Deccan Chronicle & Sentinel Assam
