သက်တံ့
၃. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်၊ ခေါက်လပ် (Khao Lak) မြို့ရှိ လူကူးမျဉ်းကျားနေရာတွင် သောကြာနေ့ညပိုင်းအချိန်က လမ်းဖြတ်ကူးနေသည့် ဂျာမနီခရီးသွား နှစ်ဦးကို ပစ်ကပ်ကားတစ်စီးက ဝင်တိုက်ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုသည် အောက်တိုဘာလ ၂ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တကူအာပါ (Takua Pa) မြို့နယ်၊ ခူးခတ် (Khuekkhak) ရှိ Orchid စားသောက်ဆိုင်ရှေ့ လူကူးမျဉ်းကျားအနီး၊ Thai Mueang မြို့နယ်သို့ ဦးတည်သည့် ဖက်ကစမ် (Phetkasem) လမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၆၃ နှစ်အရွယ် ဂါဘရီလာ ဂူးဒန် (Gabriela Gulden) နှင့် အသက် ၆၄ နှစ်အရွယ် ဝီးလ်ဘတ် ရှဝီရာ (Wilbert Schwiers) ဟု အမည်ရသည့် ဂျာမနီခရီးသွား နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် ပြင်းထန်ဒဏ်ရာများ ရရှိထားသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ခေါက်လပ် ဆေးကုသရေးစင်တာသို့ ပို့ဆောင်ကုသစဉ် နှစ်ဦးစလုံး သေဆုံးသွားခဲ့သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဘန်ကောက်လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့် မာဇဒါ (Mazda BT-50) ပစ်ကပ်ကားအဖြူရောင်တစ်စီးသည် လမ်းဖြတ်ကူးနေသည့် ခရီးသွားနှစ်ဦးကို ဝင်တိုက်ခဲ့ပြီးနောက် ရပ်တန့်ကူညီခြင်းမရှိဘဲ Thai Mueang မြို့နယ်ဘက်သို့ အရှိန်မြှင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ ခရီးသွားနှစ်ဦးသည် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ ခေါက်လပ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သူများ ဖြစ်ကြသည်။
ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းတင်ခြင်း၊ အခင်းဖြစ် မြေပုံရေးဆွဲခြင်းနှင့် ဆရာဝန်နှင့် ပူးပေါင်း၍ ရုပ်အလောင်းများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယာဉ်မောင်းနှင့် ပစ်ကပ်ကားကို စုံစမ်းဖော်ထုတ်နိုင်ရန် သက်သေအထောက်အထားများ စုဆောင်းခြင်းနှင့် မျက်မြင်သက်သေများကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိသည်။
အဆိုပါအမှုကို ပေါ့ဆစွာ ယာဉ်မောင်းနှင်မှုကြောင့် လူသေဆုံးစေမှုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Ref: Khaosod
