သက်တံ့
၃. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဟိုတယ်ဝန်ထမ်းတစ်ဦးသည် ပြင်သစ်ခရီးသွားတစ်ဦး ဟိုတယ်မှ ထွက်ခွာစဉ် ဗီရိုထဲ၌ မှားယွင်းကျန်ရစ်ခဲ့သော ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ ခန့်ပါဝင်သည့် ငွေစာအိတ်ကို ပြန်လည်အပ်နှံခဲ့သည်။
အဆိုပါဖြစ်စဉ်ကို OASIS Phuket Airport ဟိုတယ်ပိုင်ရှင်က လူမှုကွန်ရက်တွင် မျှဝေခဲ့ခြင်းဖြစ်ပြီး ခရီးသွားထွက်ခွာသွားပြီးနောက် အခန်းသန့်ရှင်းရေးဝန်ထမ်း (Housekeeper) က ဗီရိုထဲတွင် ပိုက်ဆံအထပ်လိုက်ပါသော ငွေစာအိတ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ငွေကြေးများကို တွေ့ရှိချိန်တွင် ပြင်သစ်ခရီးသွားမှာ ကော့စမွီကျွန်းသို့ ရောက်ရှိနေပြီဖြစ်သည်။
ဟိုတယ်ပိုင်ရှင်က ၎င်းထံ ဆက်သွယ်၍ ငွေများကျန်ရစ်ခဲ့ကြောင်း အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ထိုခရီးသွားသည် ငွေစာအိတ်ကို ပြန်လည်ထုတ်ယူရန် ဖူးခက်သို့ ပြန်လည်ထွက်ခွာလာခဲ့ရသည်။
ဟိုတယ်ပိုင်ရှင်ဖြစ်သူ Guy Petcharat က ဖူးခက်တိုင်းမ် (Phuket Times) သို့ ပြောကြားရာတွင် ခရီးသွားသည် ၎င်း၏ပိုက်ဆံများ ပြန်လည်ရရှိသည့်အတွက် အလွန်စိတ်အေးသွားပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြောင်း ပြောခဲ့သည်။
“ဒီပိုက်ဆံတွေသာ တကယ်ပျောက်သွားခဲ့ရင် သူ တော်တော်လေး အံ့အားသင့်တုန်လှုပ်သွားမှာ” ဟု Guy က ပြောကြားခဲ့ပြီး ငွေစာအိတ်ထဲတွင် ငွေပမာဏ အမြောက်အမြား ပါဝင်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။
ခရီးသွားသည် ၎င်း၏ငွေများကို ပြန်လည်လက်ခံရရှိပြီးနောက် ဘတ်တစ်သိန်းကို ရိုးသားစွာအပ်နှံသော ဝန်ထမ်းအား ဘတ် ၁၀၀ မုန့်ဖိုး ပေးအပ်ခဲ့သည်ဟု သိရသည်။
ပြင်သစ်လူမျိုးများ၏ စေးနည်းစေ့စပ်သော အကျင့်သည် ကမ္ဘာကျော်ပြီး ဘတ်တစ်သိန်း ပြန်ပေးသည်ကိုပင် မုန့်ဖိုး (Tip) ဘတ် ၁၀၀ သာပေးသည့်အပေါ် ဝေဖန်မှုလည်းရှိပြီး ရိုးသားသောဝန်ထမ်းအပေါ် ကြင်နာမှုပြသရန် မများပြားလှသော ဘတ် ၅၀၀၀ ခန့် ချီးမြှင့်သင့်သည်ဟုလည်း OASIS Phuket Airport Page တွင် ထိုင်းနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုထားသည်။
Ref: Khaosod
