၃.၁၀. ၂၀၂၆
Written by Linn Eain
“ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၆ ” အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ဆောင်းခိုငှက်များအကြောင်း ဟောပြောပွဲကို ယနေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အထိမ်းအမှတ်ပြပွဲတွင် မြန်မာနိုင်ငံသို့ လာရောက်ကျက်စားသည့် ဆောင်းခို ကုန်းငှက်/ရေငှက်များကို မှတ်တမ်းတင်ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြသထားခြင်းနှင့် ငှက်နှင့် သဘာဝထိန်းသိမ်းရေးပညာရှင် (Ornithologist) များ၏ ဆောင်းခိုငှက်များအကြောင်း ဟောပြောခြင်းများပါဝင်ကာ အောက်တိုဘာ ၄ ရက်အထိ နှစ်ရက်ကြာပြုလုပ်မည်ဖြစ်သည်။
ဦးစွာ Ornithologist ဒေါက်တာ သိန်းအောင်က ကမ္ဘာဆောင်းခိုငှက်များနေ့(World Migratory Bird Day) နောက်ခံသမိုင်းနှင့် ဆောင်းခိုငှက်များ ရင်ဆိုင်ရသည့် ဘေးအန္တရာယ် စိန်ခေါ်မှုများအကြောင်း၊ ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၆ ခုနှစ် အထိမ်းအမှတ် ငှက်ထိန်းသိမ်းရေး လူထုလှုပ်ရှားမှု ပူးပေါင်းပါဝင်ခြင်းအကြောင်းတို့ကို ဟောပြောခဲ့သည်။
ထို့နောက် Ornithologist ဦးသက်ဇော်နိုင်က မြန်မာနိုင်ငံ ဆောင်းခိုငှက်များ ပျံသန်းလမ်းကြောင်းနှင့် ဆောင်းခိုကုန်းငှက်များ ကျက်စားရာဒေသများအကြောင်း ဟောပြောခဲ့ပြီး Ornithologist ဒေါက်တာ သီရိဒေဝီအောင်က မြန်မာနိုင်ငံ ဆောင်းခိုငှက်များ ပျံသန်းလမ်းကြောင်းနှင့် ဆောင်းခိုရေငှက်များ ကျက်စားရာဒေသများအကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ်ပြပွဲ ၂ ရက်တာအတွင်း စိတ်ဝင်စားသူ မည်သူမဆို ဆောင်းခိုငှက်ထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံ၊ ဗီဒီယို၊ ပိုစတာပြကွက်များ ခင်းကျင်းပြသထားမှုများကို ဝင်ရောက်လေ့လာနိုင်ပြီး ငှက်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ရယူနိုင်ကာ ငှက်ထိန်းသိမ်းရေး ဉာဏ်စမ်းအမေးအဖြေများတွင် ပါဝင်နိုင်ကြောင်း သိရသည်။
ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၆ အထိမ်းအမှတ်ပြပွဲ ဒုတိယနေ့(အောက်တိုဘာ ၄ ရက်)တွင် နံနက် ၉ နာရီခွဲကစတင်၍ Ornithologist များက ထိန်းသိမ်းရေးဆိုင်ရာ ငှက်ဓာတ်ပုံရိုက်ခြင်း(Conservation Photograph)နှင့် ပတ်သက်၍ သဘာ၀ပတ်ဝန်းကျင်နှင့် ငှက်များကို နှောင့်ယှက်မှုမရှိ ဘေးကင်းစွာရိုက်ကူးခြင်းအကြောင်း၊ အာရှ ရေငှက်စာရင်း ကောက်ယူခြင်းအကြောင်း၊ “မြို့ပြအတူနေ ငှက်ရိုင်းများရှင်သန်ရေး” (Coexisting with wild birds in Urban for their survival)နှင့် ပတ်သက်၍ လူနှင့် မြို့ပြပတ်ဝန်းကျင် ငှက်များအတူတကွ ရေရှည်မျှတစွာ ရှင်သန်နိုင်ရေးအကြောင်းတို့ကို ဟောပြောသွားမည်ဖြစ်ပြီး “ကမ္ဘာ့ဆောင်းခိုငှက်များနေ့ စကားဝိုင်း” လည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နေထိုင်ကျက်စားသည့် ငှက်မျိုးစိတ်ပေါင်း (၁၁၃၆) ရှိပြီး ရေငှက်မျိုးစိတ်မှာ (၂၁ဝ) မျိုးရှိကာ ဆောင်းခိုကျက်စားသည့် ငှက်မျိုးစိတ် (၂၈၉) မျိုးဖြစ်ပြီး ဆောင်းခိုငှက်မှာ (၁၃ဝ) မျိုးရှိကြောင်း ၂၀၂၀ ပြည့်နှစ်တွင် စာရင်းကောက်ယူထားမှုအရ သိရသည်။
