၃.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း နယူးကာဆယ်မြို့ရှိ ရပ်ဘီလိဂ် ဘောလုံးပရိသတ်များစုဝေးရာ လူအုပ်ထဲသို့ ကားတစ်စီးဝင်တိုက်ခဲ့မှု အောက်တိုဘာလ ၃ ရက်က ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ယာဉ်မောင်းမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းက ကားကို အရှိန်မြှင့် မောင်းနှင်ခဲ့ရာမှ မထိန်းနိုင်တော့ဘဲ ဝင်တိုက်မိခဲ့ခြင်းဟုဆိုသည်။ ဒဏ်ရာရသူများထဲတွင် ကလေးငယ်အများအပြား ပါဝင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
ဒဏ်ရာရသူများအနက် အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး အပါအဝင် နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း နယူးဆောက်ဝေးလ်စ် ပြည်နယ်အရာရှိများက ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်က ဆစ်ဒနီမြို့မြောက်ဘက် ကီလိုမီတာ ၁၁၀ (မိုင် ၆၈) အကွာရှိ နယူးကာဆယ်မြို့ရှိ Wallsend ဆင်ခြေဖုံးရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။
ပရိသတ်များက အောက်တိုဘာလ ၄ ရက်တွင် ဆစ်ဒနီ၌ ကျင်းပရန် စီစဉ်ထားသည့် Sydney Roosters အသင်းနှင့် အမျိုးသားရပ်ဘီလိဂ် ဗိုလ်လုပွဲသို့ ထွက်ခွာမည့် Newcastle Knights ရပ်ဘီအသင်းကို အားပေးရန် လမ်းများပေါ်တွင် စုဝေးခဲ့ကြခြင်းလည်းဖြစ်သည်။
ဒေသခံသတင်းများအရ ရဲတပ်ဖွဲ့သည် ယာဉ်မောင်းအား အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးအဖြစ် ဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးခံရကာ မဖြစ်မနေဆေးစစ်မှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
နယူးကာဆယ်မြို့တော်ဝန် ဂါဗင်မောရစ်က ရုပ်မြင်သံကြားမှ မိန့်ခွန်းများတွင် ယာဉ်မောင်းသည် ရပ်ဘီပရိသတ်တစ်ဦးဖြစ်ပြီး ၎င်း၏ကားကို မထိန်းနိုင်တော့ဘဲ လူအုပ်ထဲကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ကနဦးစုံစမ်းစစ်ဆေးမှုများအရ အကြမ်းဖက်မှုနှင့် မသက်ဆိုင်ကြောင်း ဖော်ပြခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီးစ်က ကြောက်စရာကောင်းသည် ဖြစ်ရပ်တစ်ခုအဖြစ် ပြောကြားခဲ့ကြောင်း သိရသည်။
Ref- New York Post
