၃.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံတစ်ဝန်းတွင် ပညာရေးနှင့်သက်ဆိုင်သော မကျေနပ်ချက်များအပေါ် ကျောင်းသားဆန္ဒပြမှုများ ယခုရက်သတ္တပတ်အတွင်း ဆက်လက်ဖြစ်ပွားနေခဲ့ရာ ကျောင်းသားဆန္ဒပြပွဲများ ပျံ့နှံ့သွားသောကြောင့် အချို့မှာ အကြမ်းဖက်မှုများအထိ ဖြစ်လာခဲ့ကြောင်း သိရသည်။
ရဲများက လူ ၂,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ ဝန်ကြီးများက တွေ့ဆုံဆွေးနွေးရေးနေ့တစ်ခုအတွက် တောင်းဆိုခဲ့သော်လည်း ကျောင်းသားများက နောက်ထပ်သပိတ်မှောက်မှုများ ပြုလုပ်ရန် တောင်းဆိုနေကြကြောင်းလည်း သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကျောင်းနှင့်ကောလိပ် ၄၀၀ ကျော်သည် အောက်တိုဘာလ ၂ ရက်တွင် ပိတ်ထားဆဲဖြစ်ပြီး ပညာရေးဝန်ကြီး အီဒိုအတ် ဂက်ဖရေးက သတင်းထောက်များအား သင်ကြားရေးဌာန ၇၃၅ ခုသည် ဆန္ဒပြမှုများကြောင့် အောက်တိုဘာလ ၂ ရက်တွင် တစ်နည်းနည်းဖြင့် ထိခိုက်ခဲ့ရကြောင်း ပြောခဲ့သည်။ ထိုအရေအတွက်က အောက်တိုဘာလ ၁ ရက်ထက် ၃၀ ရာခိုင်နှုန်း လျော့နည်းသွားသည်ဟုလည်း ပြောကြားခဲ့သည်။
၎င်းက အရေးပေါ်ဝန်ဆောင်မှုဝန်ထမ်းသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ပိုမိုကျယ်ပြန့်သော ဆန္ဒပြလှုပ်ရှားမှုတွင် ရံဖန်ရံခါ အစွန်းရောက်အကြမ်းဖက်မှုများကို ရှုတ်ချခဲ့သည်။
ဆရာ၊ ဆရာမရှားပါးမှု၊ ယိုယွင်းနေသောကျောင်းအဆောက်အအုံများနှင့် သင်ယူမှုပစ္စည်းများ ချို့တဲ့မှုတို့ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် စက်တင်ဘာလက ပါရီဒေသရှိ အစိုးရနှင့် ပုဂ္ဂလိကအထက်တန်းကျောင်းများတွင် ဖြစ်ပွားခဲ့ပြီး ယခုအပတ်တွင် နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
ကျောင်း သို့မဟုတ် ကောလိပ် ၄၀၀ ခန့် ပိတ်သိမ်းခဲ့ရသည့်အနက် အချို့သော ကျောင်းများသည် ဆန္ဒပြပွဲများကြားတွင် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး အဆိုးရွားဆုံး ထိခိုက်ခဲ့ရသူများထဲမှ တစ်ခုမှာ ဝင်ပေါက်ခန်းမတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာလလယ်အထိ လှုပ်ရှားမှုများ ရပ်ဆိုင်းထားရမည်ဟု မျှော်လင့်ရသည့် နန်တက်စ်မြို့ရှိ လိုင်စီ မန်ဒဲလားဖြစ်သည်။
ဂက်ဖရေး၏ ပြောကြားချက်အရ ရဲများသည် လူပေါင်း ၂,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အထက်တန်း ကျောင်းအုပ်ကြီး ၄၀ ဦး အပါအဝင် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
အောက်တိုဘာလ ၁ ရက်တွင် အနည်းဆုံး အထက်တန်းကျောင်းနှစ်ကျောင်း၌ မီးလောင်မှုများ စတင်ဖြစ်ပွားခဲ့ပြီး တောင်ပိုင်းမြို့ မာဆယ်လီရှိ ကျောင်းတွင် ဆရာ၊ ဆရာမများသည် မတော်တဆ ဓာတ်ဆီဖြင့် ပက်ဖျန်းခံခဲ့ရကြောင်း အရာရှိများက ပြောကြားခဲ့သည်။
နိုင်ငံအနောက်တောင်ပိုင်းရှိ တူးလော့စ်မြို့တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့် လူငယ်များ ပဋိပက္ခဖြစ်ပွားနေစဉ် အရှေ့ပိုင်း စထရာ့စ်ဘော့ဂ်မြို့ တွင် အနည်းဆုံး ကားတစ်စီး မီးရှို့ခံခဲ့ရသည်။
ဆန္ဒပြအကြမ်းဖက်မှုများကြောင့် ပါရီဒေသတွင်လည်း အောက်တိုဘာလ ၂ ရက်တွင် ယူရို ၇ သန်းခန့် ပျက်စီးဆုံးရှုံးမှုများရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် ကျောင်းသားများကမူ ရဲတပ်ဖွဲ့က ပြင်းထန်သော တုံ့ပြန်မှုပြုခဲ့ကြသည်ဟု ဝေဖန်ခဲ့ကြသည်။
“ငါတို့ရဲ့စကားကို မင်းတို့မကြားချင်၊ နားမထောင်ချင်ဘူး မင်းတို့က မျက်ရည်ယိုဗုံးနဲ့ပဲ ပစ်ချင်တယ်” ဟု ကျောင်းသားတစ်ဦးက ပါရီမြို့လယ်ရှီ ဗိုလ်တေရီ အထက်တန်းကျောင်းပြင်ပရှိ ဗီရိုတစ်ခုတွင် ရေးသားခဲ့သည်။
ဝန်ကြီး ဂက် ဖရေးက အောက်တိုဘာလ ၂ ရက်နံနက်တွင် “ကျောင်းသားအုပ်စုတွေထဲကို အကြမ်းဖက်သမားတွေ ထိုးဖောက်ဝင်ရောက်နေပြီး မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေကို ဆန္ဒပြပွဲတွေမှာ မပါဝင်အောင် တားဆီးကြပါ” ဟု တောင်းဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက လာမည့် အောက်တိုဘာ ၆ ရက်နေ့တွင် “ရဲများ ကျောင်းများမှ ထွက်သွား ! ကျောင်းသားလှုပ်ရှားမှုအား ဖိနှိပ်မှုကို ကန့်ကွက်!” ဟူသော ဆောင်ပုဒ်ဖြင့် ကြီးမားသောဆန္ဒပြပွဲတစ်ရက် ကျင်းပရန် တောင်းဆိုခဲ့သည်။
Ref: AFP
