MT News
၃. ၁၀. ၂၀၂၄
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းများကို ဥပဒေမဲ့ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်လျက်ရှိကြပြီး စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံသို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ည ၁၂ နာရီ ၁၀ မိနစ် ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်း(Control Room) ပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါပေါက်ကွဲ မှုဖြစ်စဉ်ကြောင့် ဓာတ်အားထိန်းချုပ်ခန်း၏ နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်များနှင့် ပြတင်းတံခါးပေါက်မှန်များ ပျက်စီးခြင်း၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ်ရေးခလုတ်ပုံးများ (Control Panel)ကို ဗုံးစထိမှန်ခြင်း၊ ထိန်းချုပ်ကေဘယ်လ်ကြိုးများ (Control Cable) ပျက်စီးခြင်းနှင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကင်မွန်းစခန်း ဓာတ်အားခွဲရုံအား ၃၃ ကေဗွီ ကျိုက်ထိုဓာတ်အားလိုင်းဖြင့် ပြောင်းလဲ ချိတ်ဆက်၍ နောက်တစ်နေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလောကျေးရွာများမှာ ဓာတ်အားပြတ်တောက်လျက်ရှိပြီး အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများအား ဓာတ်အားအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
