၃.၁၀.၂၀၂၆
Written By Thandar
စင်ကာပူနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Asian Academy Creative Awards 2026 မှာ “အိပ်မက်ကာရန်” Musical ရုပ်ရှင်ဇာတ်ကားကြီးဟာ National Winner အဖြစ် ဆု ၄ နေရာ ရရှိထားပါတယ်။
“အာရှက ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ Musical ရုပ်ရှင်တစ်ခုအနေနဲ့ National Winner အဖြစ် ဆု ၄ နေရာ ရရှိခဲ့တဲ့အတွက် Team တစ်ခုလုံးအတွက် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ အိပ်မက်ကာရန်ဟာ နီနီ့ ဘဝရဲ့ အိပ်မက်၊ ဘဝအစိတ်အပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။ ဒီအိပ်မက်တစ်ခုကို ယုံကြည်စွာလက်တွဲဖော်ဆောင်ပေးခဲ့တဲ့ Team တစ်ခုလုံးနဲ့ ယုံကြည်စွာအားပေးခဲ့ကြတဲ့ ပရိသက်တစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်”လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။
ရက်ဒ်ဒီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒီဇာတ်ကားကို ဇာတ်လမ်း နီနီခင်ဇော်၊ ဇာတ်ညွှန်း မိုးနီလွင်တို့ ရေးသားထားပြီးတော့ ဒါရိုက်တာ ဝင်းလွင်ထက်၊ Music Director အနေနဲ့ အကယ်ဒမီ ဓီရာမိုရ်တို့က ၂၀၂၀ ပြည့်နှစ်က ပုံဖော်ခဲ့သလို ပြန်လည်ရိုက်ကူးမှုကိုတော့ ၂၀၂၄ ခုနှစ်မှာပြန်လည်အကောင်းဆုံး ပုံဖော်ထားတာပါ။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဂီတနဲ့ရုပ်ရှင်ပေါင်းစပ်ပုံဖော်ထားတဲ့ “အိပ်မက်ကာရန်”Musical ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ တေးသီချင်းကောင်းတွေ ၂၄ ပုဒ်ကို ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော်၊ Special Guest အနေနဲ့ မေခလာ၊ တင်ဇာမော်၊ ချောစုခင်၊ အောင်ထက်၊ စိုင်းစည်တွမ်ခမ်း၊ ဝိုင်းလေး၊ ယွန်းရွှေရည်၊ ဆုမြတ်နိုးဦး၊ စင်သီယာ၊ ရွှေပိုး ကောင်၊ ဆွိ၊ အောင်ကိုမိုး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားက ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု ဝင်းလွင်ထက်နဲ့ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ဓီရာမိုရ်တို့က ရရှိခဲ့ပါတယ်။
#NayToe #HlwanPaing #NiNiKhinZaw #အပ်မက်ကာရန်Musicalရုပ်ရှင်ဇာတ်ကားကြီး
#ရက်ဒ်ဒီရုပ်ရှင်ထုတ်လုပ်ရေး #အပ်မက်ကာရန် #Musicalရုပ်ရှင်ဇာတ်ကားကြီး #AsiaAcadamyCreativeAward2026
