
၂.၁၀.၂၀၂၆
Translated by Htwe Ko Tun
အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် ၎င်း၏ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် တရုတ်ထိုင်ဝမ်နိုင်ငံသို့ အမေရိကန်လုပ် F-16V Block 70 တိုက်လေယာဉ်အသစ်နှစ်စင်းက အောက်တိုဘာလ ၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်းသိရသည်။
၎င်းတို့က ၂၀၁၉ ခုနှစ်က အမေရိကန်ထံ မှာယူထားခဲ့သော လေယာဉ် ၆၆ စင်းအနက် ပထမဆုံးအသုတ် ဟုလည်းဆိုသည်။
ဟာဝိုင်အီနှင့် ဂူအမ်ကျွန်းတို့မှတစ်ဆင့် ပျံသန်းလာသော အဆိုပါလေယာဉ်များသည် ဒေသစံတော်ချိန် နေ့လယ်ပိုင်း (GMT အချိန် ၀၄:၀၀ နာရီ) တွင် တရုတ်ထိုင်ဝမ်၏ တောင်ထူထပ်သော အရှေ့ဘက် ကမ်းရိုးတန်းရှိ တိုင်တန်မြို့အနီးရှိ ချီးဟန် လေတပ်စခန်းသို့ ဆင်းသက်ခဲ့ကြသည်။
ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် တိုက်လေယာဉ်များ ရောက်ရှိလာမှုမှာ လအနည်းငယ် ကြန့်ကြာခဲ့ရပြီး နောက်ထပ်လေယာဉ်များလည်း ဆက်လက်ရောက်ရှိလာဦးမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူးက ပြောကြားခဲ့သည်။
၎င်းက “နှစ်ကုန်ပိုင်းကျ ဒီလေယာဉ် နှစ်စင်းပဲ ရောက်ရှိမှာ မဟုတ်တော့ပါဘူး” ဟု မြို့တော် ထိုင်ပေတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
“လက်ရှိအချိန်မှာ လေယာဉ်တွေဟာ ထုတ်လုပ်မှုအဆင့်ဆင့်ကို ဖြတ်သန်းပြီး တဖြည်းဖြည်းချင်း ထွက်ပေါ်လာနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ စမ်းသပ်မှုတွေ အောင်မြင်ပြီးစီးထားတဲ့ လေယာဉ်တွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်ဝမ်အား လက်နက်တပ်ဆင်ပေးရေးနှင့် ပတ်သက်၍ အမေရိကန်၏ ကတိကဝတ်အပေါ် ထိုင်ဝမ်၌ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်တွင် လက်ခံတွေ့ဆုံခဲ့ပြီး တစ်ပတ်အကြာတွင် ဤလေယာဉ်များ ရောက်ရှိလာခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့အပေါ် မူဝါဒပြောင်းလဲမှု မရှိကြောင်း အမေရိကန်က အခိုင်အမာ ပြောကြားထားသော်လည်း သမ္မတ ထရမ့်ပ်သည် ထိုင်ပေအတွက် ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိ လက်နက်အသစ်များ ထောက်ပံ့ရောင်းချရေးကို တရုတ်အစိုးရနှင့် ဆက်ဆံရာတွင် ညှိနှိုင်းရေးဆိုင်ရာ အားသာချက်ရနိုင်ရန် ယင်းက အပေးအယူလုပ်၍ စွန့်လွှတ်လိုက်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
လွန်ခဲ့သော ခုနစ်နှစ်က သဘောတူညီခဲ့သည့် ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိ ရောင်းချမှုအစီအစဉ်အရ အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာ Lockheed Martin က ထုတ်လုပ်ထားသော ဤလေယာဉ်များတွင် ခေတ်မီလေယာဉ်သုံး အီလက်ထရွန်နစ်စနစ်များ နှင့် ရေဒါစနစ်များ တပ်ဆင်ထားသည်။ ထို့ပြင် ထောက်လှမ်းရေးစနစ်များက မမြင်နိုင်သော ကိုယ်ပျောက်နည်းပညာသုံး J-20 တိုက်လေယာဉ် များ အပါအဝင် တရုတ်လေတပ်၏ လေယာဉ်များကို ပိုမိုကောင်းမွန်စွာ တန်ပြန်နိုင်ရန် ရည်ရွယ် ထုတ်လုပ်ထားသည်။ သို့သော် အမေရိကန်အနေဖြင့် F-22 သို့မဟုတ် F-35 ကဲ့သို့သော အဆင့်မြင့်ဆုံး တိုက်လေယာဉ်များကိုမူ ပေးအပ်ရန် ဆန္ဒမရှိခဲ့ပေ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တုံ့ပြန်သည့်အနေဖြင့် နေ့စဉ်နီးပါး လေယာဉ်များ အရေးပေါ် ပျံတက် လှုပ်ရှားနေရသည့် ထိုင်ဝမ်လေတပ်သည် လေယာဉ်များ ပေးအပ်မှု ပြီးစီးသွားပါက F-16V လေယာဉ် အစီးရေ ၂၀၀ ကျော် ပိုင်ဆိုင်လာမည်ဟု မျှော်လင့်ရသည်။
Ref- DW News
