




နေမိုး
၂. ၁၀. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က နယ်မြေလုထိန်းချုပ်ထားသော မြို့နယ် ငါးခုမှ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ဝင်များ ခိုလှုံအခြေစိုက်ရာနေရာများကို သုံးရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း တစ်ဦးသာသေဆုံးသည်ဟု AA က ယနေ့ အတည်ပြုသည်။
၁၀၂၇ စစ်ဆင်ရေးဖြင့် ရခိုင်နှင့် ရှမ်းပြည်နယ်က မြို့များ တိုက်ခိုက်ဖျက်ဆီးသိမ်းယူထားသည့် AA ၊ TNLA နှင့် MNDAA တို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ထိုသို့သော အကြမ်းဖက်အဖွဲ့များကို ချေမှုန်းတော့မည်ဖြစ်၍ အကြမ်းဖက်များအကြား ပြည်သူများမနေရန် တပ်မတော်က ကမ္ဘာသိ ကြေညာခဲ့သလို တစ်နိုင်ငံလုံးပြန့်နေသည့် လက်နက်ကိုင်များ ထိန်းချုပ်ရာနယ်မြေများကို အလှည့်ကျထိုးစစ်ဆင်တိုက်ယူရာ မြို့ပေါင်း ၂၂ မြို့အထိ သိမ်းအပြီး လက်ရှိအချိန်တွင် AA ထိန်းချုပ်ရာဒေသများမှာ တပ်မတော်၏ တန်ပြန် ထိုးစစ်ဆင်မှု ခံနေရသည်။
ထိုသို့ တန်ပြန်ထိုးစစ်ဆင်ရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့ နှင့် ကျောက်ဆိပ်ကျေးရွာအကြားကို ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၂) ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း သုံးဦးသာ ဒဏ်ရာရခဲ့ပြီး လူနေအိမ်အဆောက်အအုံအချို့သာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု AA က ဆိုသည်။
ထို့နေ့ည (၁၀) နာရီနှင့် (၁၀) နာရီခွဲ အချိန်ခန့်တို့တွင်လည်း ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာအနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်ရာ ဇနီးမောင်နှံနှစ်ဦးအနက် ခင်ပွန်းသေပြီး ဇနီးဒဏ်ရာရရှိမှုသာဖြစ်ပွားခဲ့သလို၊ ည (၁၁) နာရီ (၅၆) မိနစ်အချိန်ခန့်တွင် ပေါက်တောမြို့ပေါ်အပါအဝင် ဒါးကိုင်နှင့် ကြိမ်ခွေမော်ရွာတောင်ကြားလမ်းတို့ကို Y-12 လေယာဉ်တစ်စီးဖြင့် နာရီဝက်နီးပါးအတွင်း ဗုံးသီးအလုံးရေ (၃၀) ခန့်ကြဲချတိုက်ခိုက်ခဲ့ရာတွင်လည်း သုံးဦးသာ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၃၅) မိနစ်ခန့်တွင် AA တို့ ခိုလှုံရာ ကျောက်တော် သစ်တစ်ပုံဆည်အနီးဝန်းကျင်နှင့် သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်နှင့် နေ့လယ် (၁) နာရီ (၅၂) မိနစ်အချိန်ခန့်တွင် သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဗောဓိကုန်းဈေးအနီးကို လေကြောင်းတိုက်ခိုက်ရာ သုံးဦးသာ ဒဏ်ရာရရှိခဲ့သည်ဟုလည်း ပြောသည်။
အလားတူ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက် (၀၀:၅၀) နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာမှ ကားဝပ်ရှော့အနီးကို လေကြောင်းတိုက်ခိုက်ရာ နှစ်ဦးသာ ဒဏ်ရာရပြီး ကားဝပ်ရှော့နှင့် ကားနှစ်စီးပျက်စီးမှုသာဖြစ်ခဲ့သည်ဟုလည်း AA က ပြောသည်။
AA သည် ရခိုင်နယ်မြေများ လုယက်ထိန်းချုပ်ပြီးနောက် လူငယ်များကို ပြန်ပေးဆွဲကာ စစ်မှုထမ်းခိုင်းနေသဖြင့် ရခိုင်ပြည်သူအများစုသည် AA ၏ ဘေးလွတ်ရာ ပြည်ပနိုင်ငံများနှင့် နယ်မြေ အေးငြိမ်းရာ အစိုးရအာဏာစက်အောက် ပြေးဝင်ခိုလှုံလာချိန် ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ရာနေရာများသည် AA လက်နက်ကိုင်များနှင့် မိသားစုဝင်များသာ အများစု နေထိုင်နေကြသလို AA သည်လည်း ဗုံးကြဲခံရချိန်တိုင်း ရခိုင်အကြမ်းဖက် လက်နက်ကိုင်များ သေဆုံးမှု ထိမ်ချန်ထားကာ သေသူများမှာ ပြည်သူဟုသာ လိမ်လည်ထုတ်ပြန်လေ့ရှိသဖြင့် ယခုသေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရသူ ၁၂ ဦးမှာ AA လက်နက်ကိုင်များနှင့် မိသားစုဝင်များ ဟုတ်မဟုတ် မြေပြင်အတည်မပြုနိုင်ဘဲ AA ထုတ်ပြန်သည့် သတင်းကိုသာ ဖော်ပြပေးခြင်းဖြစ်သည်။
