၂.၁၀.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတွင် Gen Z မျိုးဆက် ဦးဆောင်သော ပိုးဟပ်ပါတီ ‘Cockroach Janta Party’ (CJP) နှင့် ကျောင်းသားနှင့်တက်ကြွလှုပ်ရှားသူ ညွန့်ပေါင်းအဖွဲ့များက အငြင်းပွားဖွယ်ရာ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်နာချုပ် နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများကို ပြုလုပ်ကြမည်ဖြစ်ကြောင်းသိရသည်။
ဤဆန္ဒပြမှုများက အိန္ဒိယနိုင်ငံ၏ ယုံကြည်စိတ်အချရဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ရှည်ကြာစွာ သတ်မှတ်ခံထားရသည့် ရွေးကောက်ပွဲကော်မရှင်အပေါ် ယခင်ကမရှိခဲ့ဖူးလောက်အောင် ပြင်းထန်သော စောင့်ကြည့်စစ်ဆေးမှုများ ဖြစ်ပေါ်စေခဲ့သည့် အငြင်းပွားမှုတွင် နောက်ဆုံးပေါ်ဖြစ်ပေါ်တိုးတက်မှုတစ်ခု ဖြစ်လာမည်လည်းဖြစ်သည်။
ဆန္ဒပြမှုများက ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအတွက်လည်း ဖိအားအသစ်များနှင့် ရင်ဆိုင်ရတော့မည့် သဖွယ် အောက်တိုဘာ ၂ ရက်တွင် စတင်ဖြစ်လာစေတော့မည်ဖြစ်သည်။
CJP သည် မွမ်ဘိုင်းမြို့တွင် စုဝေးဆန္ဒပြမည်ဖြစ်ပြီး လာမည့်ရက်များအတွင်း နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများကို တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင် ကျောင်းသားများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက နယူးဒေလီမြို့ရှိ ဂျန်တာ မန်တာ နက္ခတ်တာရာကြည့်မျှော်စင်နေရာတွင် စုဝေးကြမည်ဖြစ်သည်။
ဆန္ဒပြသူများက ကော်မရှင်အနေဖြင့် မိုဒီ၏ Bharatiya Janata Party (BJP) ပါတီကို အကျိုးရှိစေမည့် နည်းလမ်းများဖြင့် မဲဆန္ဒရှင်စာရင်းများကို ကြိုးကိုင်ခြယ်လှယ်ခဲ့သည်ဟူ၍ စွပ်စွဲခဲ့သည်။ ကော်မရှင်နှင့် အစိုးရတို့ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
လွန်ခဲ့သည့် ၁၀ လအတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုများ၊ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကော်မရှင်၏ ဒစ်ဂျစ်တယ်စနစ်များအပေါ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လက်ထောက်နှစ်ဦးက အနည်းဆုံး ၁၄ ကြိမ်တိုင်တိုင် တရားဝင်စိုးရိမ်ပူပန်မှုများ ဖော်ပြခဲ့ကြောင်း Indian Express သတင်းစာက ဖော်ပြခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်နာချုပ် ဂျာနက်ရှ် ကူးမား အပေါ် ဖိအားများ မြင့်တက်လာခဲ့သည်။
ကော်မရှင်ဘက်ကမူ ကွဲပြားသောသဘောထားအမြင်များ ရှိခြင်းသည် အတွင်းကျကျဆွေးနွေးညှိနှိုင်းမှု များ၏ပုံမှန်အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်အားလုံးသည် ဥပဒေနှင့်အညီသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
CJP ၏ ညှိနှိုင်းရေးမှူး ဆော်ရာ့ဗ် ဒါ့စ်က “ကျွန်တော်တို့က ပြောင်းလဲမှုတစ်ခုကို တောင်းဆိုနေတာပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်း တစ်စုံတစ်ရာကို ပြောင်းလဲဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသောလက်နက်ဖြစ်တဲ့ မဲပေးပိုင်ခွင့်ကိုသာ ကျွန်တော်တို့ဆီကနေ ဖယ်ရှားလိုက်မယ်ဆိုရင် ဘာပြောင်းလဲမှုမှ ဖြစ်လာမှာမဟုတ်တော့ဘူး” ဟု အောက်တိုဘာလ ၁ ရက်တွင် အိန္ဒိယသတင်းဌာန ANI သို့ ပြောကြားခဲ့သည်။
၎င်းက ဂျာနက်ရှ် ကူးမား နှုတ်ထွက်မှုပြုမှသာ ဆန္ဒပြမှုကို အဆုံးသတ်မည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
အငြင်းပွားမှု၏ အဓိကအချက်မှာ မနှစ်က စတင်ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်များ အား စိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ်ဖြစ်ပြီး၊ ၎င်းလုပ်ငန်းစဉ်ကြောင့် မဲပေးပိုင်ခွင့်ရှိသူ သန်းနှင့်ချီ၍ မဲဆန္ဒရှင်စာရင်းမှ ပယ်ဖျက်ခံခဲ့ရသည်ဟု ဝေဖန်သူများက ဆိုကြသည်။
ကော်မရှင်ကလည်း အဆိုပါလုပ်ငန်းစဉ်အရ နှစ်ကြိမ်ပါဝင်နေသော သို့မဟုတ် ကွယ်လွန်သွားသော သို့မဟုတ် မဲပေးပိုင်ခွင့် မရှိသော မဲဆန္ဒရှင်များကို စာရင်းမှပယ်ဖျက်ရန်နှင့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။
ကွန်ဂရက် ပါတီ ဦးဆောင်သော အတိုက်အခံပါတီများသည်လည်း ကူးမား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများကို အောက်တိုဘာလ ၆ ရက်တွင် စတင်ရန် စီစဉ်ထားကြသည်။
အလုပ်လက်မဲ့ပြဿနာနှင့် စာမေးပွဲမေးခွန်းလွှာများ ပေါက်ကြားမှုတို့အပေါ် အွန်လိုင်းမှတစ်ဆင့် ပေါ်ပေါက်လာသော မကျေနပ်မှုများမှတစ်ဆင့် ယခုနှစ်အစောပိုင်းက ပေါ်ပေါက်လာခဲ့သည့် လူငယ်လှုပ်ရှားမှုတစ်ခုဖြစ်သော CJP ခေါ် ပိုးဟပ်ပါတီသည် မျှော်လင့်မထားလောက်အောင် နိုင်ငံရေးအရ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။
အဆိုပါအဖွဲ့က စာမေးပွဲမေးခွန်းလွှာ ပေါက်ကြားမှုများနှင့် ပတ်သက်၍ လူထုဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအဆင့်တွင် ထင်ရှားကျော်ကြားလာခဲ့သည်။ ထိုဆန္ဒပြပွဲများကြောင့် အိန္ဒိယနိုင်ငံ၏ ပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ရပြီး၊ ယင်းဖြစ်ရပ်သည် မကြာသေးမီနှစ်များ အတွင်း ဝန်ကြီးချုပ် မိုဒီ အဖို့ အရေးပါသော နိုင်ငံရေးဆိုင်ရာ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့သည်။
Ref- Reuters
