သက်တံ့
၂. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ရာဆိုသွန်း (Yasothon) ပြည်နယ်မှ ထီသည်တစ်ဦးသည် အောက်တိုဘာ ၁ ရက်နေ့ ထီဖွင့်ပွဲတွင် ပထမဆု ပေါက်ခဲ့သော မရောင်းရသေးသည့် ထီလက်မှတ် ၁၀ စောင် လက်ဝယ်ကျန်ရှိနေခဲ့ရာမှ ဘတ် သန်း ၆၀ ကံထူးသွားခဲ့သည်။ ထိုထီလက်မှတ်များအားလုံးမှာ ပထမဆုပေါက်နံပါတ် 402701 ဖြစ်ပြီး တစ်စောင်လျှင် ဘတ် ၆ သန်းစီ ရရှိခဲ့ခြင်းဖြစ်သည်။
အသက် ၃၄ နှစ်အရွယ် အဆိုပါ ထီသည်သည် ထီလက်မှတ် ၁၀ စောင်လုံး ပထမဆု ပေါက်ခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်နေ့တွင် ထိုင်းသတင်းဌာနများ၏ သတင်းမျက်နှာဖုံးများ၌ လူပြောများသွားခဲ့သည်။ ပထမဆု ထီလက်မှတ်တစ်စောင်လျှင် ဘတ် ၆ သန်း (အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ ခန့်) ရရှိပြီး ပေါက်နံပါတ်တူ ထီလက်မှတ် ၁၀ စောင်တွဲအတွက် စုစုပေါင်း ဘတ် သန်း ၆၀ ရရှိမည်ဖြစ်သည်။
အဆိုပါ ထီသည်သည် လွယ်အိ (Loei) ပြည်နယ်၊ ဝမ်ဆဖှုန်း (Wang Saphung) ခရိုင်မှဖြစ်ပြီး ရာဆိုသွန်းသို့ ထီလာရောက်ရောင်းချခြင်းဖြစ်ကြောင်း ThaiRath သတင်းတွင် ဖော်ပြထားသည်။ ၎င်း၏အမည်ကိုမူ သတင်းမီဒီယာများထံ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ထိုထီလက်မှတ် ၁၀ စောင်တွဲကို မည်သူမျှ ဝယ်ယူခြင်းမရှိသည့်အတွက် မိမိဘာသာ သိမ်းဆည်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထီသည်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ထီလက်မှတ်များ ပထမဆုပေါက်သွားကြောင်း သိရှိရပြီးနောက် ပိုင်ဆိုင်မှု အထောက်အထားအဖြစ် မှတ်တမ်းတင်ရန်နှင့် နောက်ဆက်တွဲ အငြင်းပွားမှုများကို ကာကွယ်ရန်အတွက် မြောင်းရာဆိုသွန်း (Mueang Yasothon) ရဲစခန်းသို့ သွားရောက်ကာ ရဲရုံးနေ့စဉ်မှတ်တမ်းတွင် သွားရောက် ရေးသွင်းခဲ့သည်။
ထီဆုငွေ ထုတ်ယူခြင်းမပြုမီ ရဲစခန်းတွင် သွားရောက်မှတ်တမ်းတင်ခြင်းသည် ပိုင်ဆိုင်မှုကို ခိုင်မာစေသည့် အဆင့်တစ်ခုဖြစ်သည်။ အထွေထွေအားဖြင့် ထီလက်မှတ်သည် တရားဝင်ပေါက်မဲကို လာရောက်ပြသသူအား ဆုငွေထုတ်ပေးလေ့ရှိပြီး ထီလက်မှတ်၏ နောက်ကျောတွင် အမည်ရေးသားထားခြင်းက ထီလက်မှတ် ပျောက်ဆုံးသွားပါက ပိုင်ဆိုင်မှု အပိုဆောင်းအထောက်အထားကို ရရှိစေသည်။
ထီပေါက်သူများသည် နွန်သဘူရီ (Nonthaburi) ရှိ အစိုးရထီဆုကြေးဌာနတွင်ဖြစ်စေ၊ တရားဝင် ကိုယ်စားလှယ်များထံတွင်ဖြစ်စေ ဆုငွေများ ထုတ်ယူနိုင်သည်။ ထီဆုငွေ ထုတ်ယူခွင့် ကာလမှာ ထီဖွင့်သည့်ရက်မှစ၍ ၂ နှစ်အတွင်း ဖြစ်သည်။
ထီဆုငွေများအပေါ် ဝန်ဆောင်ခ သုည ဒသမ ငါးရာခိုင်နှုန်း ဖြတ်တောက်မည်ဖြစ်ရာ ပေါက်ကြေး ဘတ် ၂၀၀ လျှင် ၁ ဘတ်ခန့် ဖြတ်တောက်မည်ဖြစ်သည်။ ယင်းဖြတ်တောက်မှုအရ အဆိုပါ ထီသည်သည် အခွန်နှင့် သက်ဆိုင်သည့် ဝန်ဆောင်ခ ဘတ် ၃၀၀,၀၀၀ ခန့် ပေးဆောင်ရမည်ဖြစ်ပြီး အသားတင် ဘတ် ၅၉ ဒသမ ၇ သန်းခန့် ရရှိမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် Paotang အပလီကေးရှင်းမှတစ်ဆင့် ဝယ်ယူနိုင်သည့် ဒစ်ဂျစ်တယ်ထီလက်မှတ် ၃၁ စောင်သည်လည်း ယင်းထီဖွင့်ပွဲ၌ ပထမဆု ပေါက်ခဲ့ပြီး စုစုပေါင်း ဆုကြေး ဘတ် ၁၈၆ သန်း ရှိခဲ့ကြောင်း Krungthai ဘဏ်က အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဘဏ်၏ ထုတ်ပြန်ချက်အရ လူတစ်ဦးတည်းမှ ပထမဆုပေါက် ဒစ်ဂျစ်တယ်ထီလက်မှတ် အများဆုံး ရရှိခဲ့သည့် အရေအတွက်မှာ ၇ စောင်ဖြစ်ပြီး ထိုကံထူးရှင်သည် ဘတ် ၄၂ သန်း ရရှိခဲ့ကြောင်း သိရသည်။
စာရွက်ထီလက်မှတ်များမှ ပထမဆုရရှိသူ စုစုပေါင်း အရေအတွက်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။
Ref: Thaiger
